ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း တတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် ဘရာဇီးလ်လူငယ်ကွင်းလယ်ကစားသမား အန်ဒရေဆန်းတို့စ်ကိုခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အပြောင်းအရွှေ့နှင့်ပတ်သက်၍ ၎င်း၏ကလပ်ဖြစ်သည့် ဘရာဇီးလ်ကလပ် ဗာစကိုဒဂါးမားအသင်းက အတည်ပြုခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် ဆန်းတို့စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၈ သန်း ဝန်းကျင် ပေးချေရဖွယ်ရှိကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။ ဗာစကိုဒါဂါး မားအကယ်ဒမီထွက် ကစားသမားဖြစ်သူ ဆန်းတို့စ်သည် အသက် ၁၆ နှစ်အရွယ်မှာပင် စီနီယာအသင်းအတွက် စတင်ကစားခွင့်ရခဲ့ပြီး ဘရာဇီးလ်စီးရီးဘီပြိုင်ပွဲ၌ နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံ ၃၈ ပွဲကစား၊ ရှစ်ဂိုးသွင်းယူ ပေးထားသည်။

“ဗာစကိုဒဂါးမားအသင်းအနေနဲ့ အန်ဒရေဆန်းတို့စ်ကို ဥရောပဘောလုံးလောကဆီ စေလွှတ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။ ဒီကလပ်ရဲ့ လူငယ်အသင်းမှာ မွေးဖွားခဲ့တဲ့ ကွင်းလယ်ကစားသမားဟာ လာမယ့်ရာသီတွေမှာ အင်္ဂလန်က ချယ်လ်ဆီးအသင်းအတွက် ကစားပေးသွားမှာပါ။ ဒီလူငယ်ကစားသမားအနေနဲ့ အသင်းမှာ သူ့ရဲ့ပထမအကြိမ် ဖြတ်သန်းမှုကို အသက် ၁၈ နှစ်မှာ အဆုံးသတ်ခဲ့ပြီး ၃၈ ပွဲကစား၊ ရှစ် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်” ဟု ဗာစကိုဒဂါးမားအသင်းက ထုတ်ပြန်ခဲ့သည်။
ဆန်းတို့စ်သည် ဇန်နဝါရီအပြောင်း အရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်း၏ တတိယမြောက် ကစားခေါ်ယူမှုဖြစ်လာပြီး ၎င်းမတိုင်မီ မိုလ်ဒီအသင်းတိုက်စစ်မှူး ဖိုဖာနာနှင့် မိုနာကိုအသင်းနောက်ခံလူ ဘာဒီယာရှီလာတို့ကို ခေါ်ယူထားသည်။ ချယ်လ်ဆီး အသင်းအနေဖြင့် ဇန်နဝါရီတွင် လူငယ်ကစားသမားများကို ဦးစားပေးခေါ်ယူလျက်ရှိပြီး အိုင်ဗရီကို့စ်လက်ရွေးစင်တိုက်စစ်မှူး ဖိုဖာနာ (၂၀ နှစ်) အတွက် ပေါင် ၁၀ ဒသမ ၅ သန်း၊ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဘာဒီယာ ရှီလာ (၂၁ နှစ်) အတွက် ပေါင် ၃၄ သန်းနှင့် ဘရာဇီးလ် ယူ-၂၀ ကွင်းလယ်လူ ဆန်းတို့စ် အတွက် ပေါင် ၁၈ သန်း ပေးချေရမည်ဖြစ်သည်။
၎င်းတို့သုံးဦးအနက် ဘာဒီယာရှီလာနှင့်သာ အပြီးသတ်စာချုပ် လက်မှတ်ရေးထိုးထားပြီး ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသည့် ခုနစ်နှစ်ခွဲစာချုပ် စာချုပ်ချုပ်ဆိုထားသည်။ ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် နွေရာသီကာလတွင်လည်း ပေါင်သန်း ၂၈၀ ဝန်းကျင် အသုံးပြု၍ ကစားသမားသစ်များ ခေါ်ယူထားသည်။






