အီတလီနာမည်ကြီးနည်းပြ အန်တိုနီယိုကွန်တီသည် ပြီးခဲ့သည့်နွေရာသီကာလအတွင်း ဆော်ဒီလိဂ်မှ မြင့်မားသည့်လစာငွေဖြင့် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ဆော်ဒီလိဂ်သို့ စီရော်နယ်လ်ဒို ကနဦး ပြောင်းရွှေ့ပြီးနောက် ပြီးခဲ့သည့်နွေရာသီကာလအတွင်း ဘန်ဇီမာ၊ မာရက်ဇ်၊ မာနေ၊ ဟန်ဒါဆန်စသည့် နာမည်ကျော်ကစားသမားများစွာမှာ ဆော်ဒီလိဂ်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

ထို့ပြင် နာမည်ကြီးနည်းပြအချို့လည်း ဆော်ဒီ သို့ ရောက်လာပြီး မန်စီနီမှာ ဆော်ဒီလက်ရွေးစင်အသင်းကို ကိုင်တွယ်နေကာ လီဗာပူးလ်ဂန္ထဝင် ဂျရတ်မှာလည်း အယ်လ်အစ်တီဖာ အသင်းနည်းပြအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ကွန်တီသည် ပြီးခဲ့သည့်မတ်လတွင် စပါးအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်သည်။ ကွန်တီအနေဖြင့် တစ်နေ့နေ့တွင် ရိုးမား သို့မဟုတ် နာပိုလီအသင်းကို ကိုင်တွယ်သွားလိုကြောင်း အတိအလင်းဝန်ခံခဲ့သည်။
နာပိုလီအသင်းသည် လက်ရှိတွင် နည်းပြအပြောင်းအလဲပြုလုပ်ရန် နီးစပ်နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။






