ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း တိုက်စစ်မှူးသစ် နေမာက ဆော်ဒီပရိုလိဂ်သည် ပြင်သစ်လီဂူး-၁ ပြိုင်ပွဲထက် ပိုကောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာသည် ယခုနွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပြင်သစ်ထိပ်သီး PSG အသင်းမှ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံသို့ ပေါင် ၇၇ ဒသမ ၆ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ နေမာသည် အသေးစားဒဏ်ရာပြဿနာများကြောင့် လက်ရှိအချိန်ထိ အယ်လ်ဟီလာ အသင်းအတွက် ကစားရခြင်းမရှိသေးပေ။

စက်တင်ဘာ ၇ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ပြင်သစ်လီဂူး-၁ နှင့် ဆော်ဒီ ပရိုလိဂ်တို့၏ ကွာခြားချက်ကို မေးမြန်းခဲ့ရာ နေမာက ကွာခြားမှုမရှိကြောင်းနှင့် ဆော်ဒီပရိုလိဂ်က ပြင်သစ်လီဂူး-၁ ထက် ပိုကောင်းနိုင်ကြောင်း ပြန်ဖြေခဲ့ခြင်းဖြစ်သည်။
နေမာက “ကျွန်တော် ခင်ဗျားတို့ကို သေချာပြောနိုင်တာက ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘောလုံးက အတူတူပါပဲ။ ဘောလုံးက လုံးဝန်းပြီး ဂိုးတွေရှိတယ်။ အခု ဆော်ဒီကိုရောက်လာတဲ့ နာမည်ကျော်ကစားသမားတွေကို ကြည့်မယ်ဆိုရင်တော့ ဆော်ဒီပရိုလိဂ်က ပြင်သစ်လီဂူး-၁ ထက်တောင် ပိုကောင်းနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။

နေမာသည် ၂၀၁၇ တွင် ဘာစီလိုနာမှ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် PSGc အတွက် ခြောက်ရာသီ ကစားခဲ့သော်လည်း ဒဏ်ရာမကြာခဏ ရရှိမှုကြောင့် အသင်းပရိသတ်များ၏ လှောင်ပြောင်ဆန္ဒပြမှုများကို ခံရကြောင်း သိရသည်။






