စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ် သည် အသင်းဟောင်း ဆီဗီလာအသင်းထံ ပြန်လည်မပြောင်းရွှေ့မီ မန်ယူအသင်း၏ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ရာမို့စ်အား တစ်နှစ်သက်တမ်းရှိ စာချုပ်၊ တစ်ပတ် ပေါင် ၇၃၀၀၀ ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ဆီဗီလာအသင်းသည် PSG အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့်ရာမို့စ်ကို ခေါ်ယူခဲ့ကြောင်း စက်တင်ဘာလ ၄ ရက်က အတည်ပြုကြေညာခဲ့သည်။

အသက် ၃၇ နှစ်အရွယ်ရှိ ရာမို့စ်အနေဖြင့် ၁၈ နှစ်ကြာမှ အသင်းဟောင်းကို ပြန်လာခြင်းဖြစ်ပြီး ဆီဗီလာနှင့် တစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆို ခဲ့ကာ တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းထားကြောင်းလည်းသိရသည်။
ရာမို့စ်သည် အယ်လ်အစ်တီဟတ်အသင်းမှ တစ်နှစ် ယူရို သန်း ၂၀၊ ဂါလာ တာစာရေးမှ တစ်နှစ် ယူရို ၁၁ သန်းဖြင့် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး အသင်းဟောင်းဆီဗီလာအသင်းတွင် တစ်နှစ် ယူရို တစ်သန်းသာ ရရှိမည်ဖြစ်သော်လည်း ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
ရာမို့စ်က အဖေ၊ အဘိုးနှင့် ပူအာတို့အတွက် ဆီဗီလာသို့ ပြန်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။






