PSG ဟာ နည်းပြသစ် ဂါတီယာ ရဲ့ လက်ထက်မှာ ဂိုးမိုးတွေ ဆက်တိုက်ရွာပြီး အဖွင့်ပွဲစဉ် 2 ပွဲ စလုံးကို အနိုင်ရရှိထားပါတယ်။ သို့သော်လဲ တစ်ဖက်မှာတော့ နာမည်ကြီး တိုက်စစ် ကစားသမားတွေ အကြား အားပြိုင်မှုတွေ ပိုကြီးထွားလာနေတယ်လို့ သိရပါတယ်။
စနေနေ့ က ကစားခဲ့တဲ့ မွန့်ပယ်လီယာ နဲ့ ပွဲစဉ်မှာ ပရိသတ်တွေ အကြား အပြောများခဲ့တာ က နေမာ နဲ့ အမ်ဘာပေ တို့အကြား က ပင်နယ်တီ ကိစ္စ ဖြစ်ပါတယ်။
ဒီပွဲမှာ PSG က 5-2 ရလာဒ် နဲ့ အနိုင်ရသလို ၊ နေမာ ရော ၊ အမ်ဘာပေ ပါ သွင်းဂိုးတွေ ရယူနိုင်ခဲ့ကြသည့်တိုင်အောင် သိပ်ပြီး ကျေနပ်ကြပုံ မရပါဘူး။
ပထမပိုင်းမှာ ကန်သွင်းခွင့် ရတဲ့ ပင်နယ်တီ ကို အမ်ဘာပေ က ကန်ခဲ့ပေမယ့် ၊ ပြိုင်ဘက် ဂိုးသမားက ပုတ်ထုတ်ကာကွယ်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ ပင်နယ်တီ ထပ်မံ ကန်သွင်းခွင့် ရခဲ့ပြီး ၊ ဒီတစ်ကြိမ်မှာတော့ နေမာ က သပ်သပ်ရပ်ရပ် ကန်သွင်းကာ ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့တာပါ။
သို့သော် ပွဲအပြီးမှာတော့ ကလပ် အသင်းဘက် အမ်ဘာပေ သာလျှင် အသင်းရဲ့ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူသာ ဖြစ်တယ်လို့ ရှင်းလင်းလာချိန်မှာ နေမာ ရဲ့ ဘက်က သိပ်ပြီး ဘဝင်ကျဟန် မရှိခဲ့ပါဘူး။
ဒါကြောင့်လဲ အွန်လိုင်းမှာ ပရိသတ် တစ်ယောက် က “ အခုတော့ အမ်ဘာပေ ဟာ ပီအက်စ်ဂျီ ရဲ့ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူ ဖြစ်တယ် ဆိုတာ တရားဝင် ဖြစ်သွားပါပြီ။ ဒါက စာချုပ်သစ်ပါ အချက်လက်တွေကြောင့် ဆိုတာ အရှင်းကြီးပါပဲ။ ဘာလို့လဲ ဆိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်ကလပ်မျိုးကိုမှ နေမာ ကို ဒုတိယ ဦးစားပေး ပင်နယ်တီ ကန်သွင်းသူ အဖြစ် သတ်မှတ်မှာ မဟုတ်ပါဘူး။ ဒီအကြောင်းအရင်းဟာ စာချုပ်သစ် နဲ့ ဆိုင်မယ် ထင်ပါတယ်။ အမ်ဘာပေ ဟာ ပီအက်စ်ဂျီ ရဲ့ ပိုင်ရှင် ဖြစ်သွားပါပြီ” လို့ ရေးသားတဲ့ စတေးတပ် ကို နေမာ က Like ပေးသွားခဲ့ ပါတယ်။
ပြင်သစ် သတင်းတွေ ကတော့ နေမာ နဲ့ အမ်ဘာပေ တို့အကြား ဆက်ဆံရေးတွေ အဆင်မပြေတာ လွန်ခဲ့တဲ့ 6 လ ဝန်းကျင် ကတည်းက ဖြစ်တယ်လို့ ဆိုထားပြီး ၊ ပြင်သစ် တိုက်စစ်မှုးက ဘရာဇီးသားကို ရောင်းထုတ်ဖို့ အတွက်တောင် တောင်းဆိုခဲ့တယ်လို့ ကောလဟာလ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ရာသီ အဖွင့်ပွဲ 2 ပွဲ ကစားပြီးချိန်မှာ နေမာက 3 ဂိုးသွင်း ၊ 3 ကြိမ် ဂိုးဖန်တီးပြထားချိန်မှာ ၊ အမ်ဘာပေ က အခုမှ 1 ဂိုးပဲ သွင်းယူနိုင်သေးတာ ဖြစ်ပါတယ်။
နည်းပြ ဂါတီယာ ကတော့ အမ်ဘာပေ ပုံစံကောင်းတွေ မရသေးတာ နဲ့ ပတ်သက်ပြီး “ သူဟာ နောက်ဆုံးပွဲစဉ်ကို လွန်ခဲ့တဲ့ 3 ပတ် က ကစားထားခဲ့တာပါ။ ဒါကြောင့် ဒီပွဲဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အတွက် ဘယ်လောက်အထိ ခက်ခဲမလဲ ဆိုတာ သိပါတယ်။
သူက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ စွမ်းဆောင်ရည်တွေကို ချက်ခြင်း ပြန်ကောင်းချင်တာပါ။ ဒါပေမယ့် ထိပ်တန်း ကစားသမားတွေ အနေနဲ့ အဲဒီလို စိတ်ထဲက အတိုင်း ချက်ခြင်း ဖြစ်ချင်လို့ မရပါဘူး။ ကြံ့ခိုင်မှု 100% ရဖို့က အချိန်ယူရပါတယ်။
သူသာ ကြံ့ခိုင်မှု အပြည့်၀ ရှိနေပြီ ဆိုရင် အပြောင်းအလဲတွေကို အခုထိ လုပ်ပြနိုင်မှာပါ။ အသင်းမှာ တွဲ ကစားတဲ့သူတိုင်းက တိုက်စစ်ကိုလဲ လိုက်ပါ ကစားချင်ကြသလို ၊ ဂိုးတွေလဲ သွင်းပြချင်တဲ့ သူတွေချည်းပါပဲ။ အဲဒီတော့ သူ စိတ်ထဲမှာ ကစားဖော်တွေ နဲ့ ယှဉ်ရင် ထင်သလို မလုပ်ပြနိုင်တာ စိတ်နည်းနည်းတော့ ပျက်မိမှာပေါ့” လို့ ပွဲအပြီးမှာ မှတ်ချက်ပေးသွားခဲ့ ပါတယ်။
တစ်ချိန်တည်းမှာ နောက်တန်းလူ အာခီးမီး ကလဲ မက်ဆီ ကို တွဲပြီး သိပ်မကစားဘူးလို့ ဝေဖန်ခံနေရသလို ၊ ဘောလုံးရတာ နဲ့ သူ့နဲ့ ရင်းနှီးတဲ့ အမ်ဘာပေ ဆီသာ ပေးပို့ ဦးတည်နေတယ်လို့ စွပ်စွဲ ခံရလျှက် ရှိနေပါတယ်။






