ပရီးမီးယားလိဂ်အသင်းများ ပစ်မှတ်ထားနေသည့် ဆာလ်ဇ်ဘာ့ဂ်အသင်းမှ ဆလိုဗေးနီးယားဆယ်ကျော်သက်တိုက်စစ်မှူး ရှက်ရှကိုသည် ယခုရာသီ၌ အသင်းတွင်ပင် ဆက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
”ဘင်ဂျမင်ရှက်ရှကိုက ဆာလ်ဇ်ဘာ့ဂ်မှာ နောက်ထပ်တစ်နှစ် ဆက်နေချင်ပါတယ်။ ပြီးတော့ ဟော်လန်း လျှောက်ခဲ့တဲ့လမ်းအတိုင်း လိုက်ဖို့များပါတယ်။ ဒါက ရှက်ရှကိုရဲ့အစီအစဉ်ပါ။ နောက်နှစ်မှာ အမှန်တကယ်ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုအကြောင်း ကျွန်တော်တို့ ပြောနိုင်ပါတယ်”ဟု Sky Sports ၏ သြစတြီးယားသတင်းထောက် မာကိုစတန်ကိုဗစ်က သုံးသပ်ခဲ့သည်။
ဆာလ်ဇ်ဘာ့ဂ်အသင်းသည် ရှက်ရှကို၏ပြောင်းရွှေ့ကြေးအတွက် ယူရို သန်း(၅၀)အထိ အလိုရှိနေသည်ဟုလည်း သတင်းများက ဖော်ပြလျက်ရှိသည်။
အသက်(၁၉) နှစ်သာရှိသေးသည့် ဆလိုဗေးနီးယားလက်ရွေးစင်ကစားသမား ရှက်ရှကိုသည် ပြီးခဲ့သည့်ရာသီက ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၂)ပွဲသာ ပွဲထွက်ခဲ့ရသော်လည်း (၁၁)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၆)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သည်။






