ပရီးမီးယားလိဂ် ဝါရင့် တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုး က အာဆင်နယ် လူငယ် ကြယ်ပွင့် ဘူကာရို ဆာကာ ဟာ စီးတီး ကြယ့်ပွင့် ဖိုဒန် ထက် အနည်းငယ် ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ ဖာဒီနန် ရဲ့ Vibe with Five YouTube Channel မှာ ပြောကြား လိုက်ပါတယ် ။

ဆာကာ နှင့် ဖိုဒန် တို့ နှစ်ဦးစလုံးဟာ အနာဂတ်မှာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ အားကိုးရတဲ့ ကစားသမား အဖြစ် သတ်မှတ် ခံထားရသူတွေပါ ။ ဆာကာ နှင့် ဖိုဒန် တို့ နှစ်ဦးမှာ ဖိုဒန် ဟာ ဆာကာ ထက် ပိုပြီး ဆုဖလား အောင်မြင်မှုတွေ ရယူ ထားနိုင်သူ ဖြစ်ပြီး မန်စီးတီး နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ၄ ကြိမ် အထိ ဖြစ်ထားပါတယ် ။
ဆာကာ ဟာလည်း အာဆင်နယ် အသင်းရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် နှစ်နှစ်ဆက် ရွေးချယ် ခံခဲ့ရသူ ဖြစ်ပြီး ဒီနှစ်မှာလည်း အင်္ဂလန် အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား အဖြစ် ရွေးချယ် ခံခဲ့ရပါတယ် ။

သွင်းဂိုး ပါဝင် ပတ်သက်မှု အပိုင်းမှာတော့ ဆာကာ နှင့် ဖိုဒန် တို့ဟာ တူညီ နေကြပါတယ် ။ ဆာကာ ဟာ အာဆင်နယ် အသင်း အတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၁၁၇ ပွဲ ကစား ထားပြီး ၂၄ ဂိုး သွင်း ၊ ဂိုးဖန်တီးမှု ၂၃ ကြိမ် ပြုလုပ်ကာ သွင်းဂိုး ပါဝင် ပတ်သက်မှု ၄၇ ကြိမ် အထိ လုပ်ထား နိုင်ပါတယ် ။
ဖိုဒန် ကတော့ မန်ချက်စတာ စီးတီး အသင်း အတွက် ပရီးမီးယားလိဂ် ၁၁၅ ပွဲ ကစား ၃၁ ဂိုး သွင်း ၊ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ကာ သွင်းဂိုး ပါဝင် ပတ်သက်မှု ၄၇ ကြိမ် အထိ ပြုလုပ်ထား ပါတယ် ။ ဒါကြောင့် ဆာကာ နှင့် ဖိုဒန် တို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းသလဲ ဆိုတာ သုံးသပ်ဖို့ ခက်ခဲ တယ်လို့ ဒီဖိုး က ဆိုလိုက်ပါတယ် ။

ဒီဖိုး က Five မှာ ” ဆာကာ က ထူးရှယ် ကစားသမား တစ်ဦးပါ ။ ကျနော် ကြားရသလောက် သူက လူကောင်းလေး တစ်ဦးလို့လည်း သိရပါတယ် ၊ သူ က အဝတ်လဲခန်း အတွက်လည်း သိပ်ကောင်းတဲ့ ကစားသမားပါ ။ ကျနော် ဖိုဒန် ကို သဘောကျပါတယ် ၊ သူကလည်း ထူးရှယ် ကစားသမား တစ်ဦးပါ ၊ ဒါပေမယ့် ကျနော် ကတော့ ဆာကာ က အနည်းငယ် ပိုသာတယ်လို့ ခံစားရပါတယ် ။”
ဒီရာသီမှာတော့ ဘူကာရို ဆာကာ နှင့် ဖိုဒန် တို့ နှစ်ဦး စလုံးဟာ သွင်းဂိုး ၇ ဂိုးစီ သွင်းယူ ထားကြပေမယ့် ဆာကာ ကတော့ ဖိုဒန် ထက် ပွဲပို ကစားထားပါတယ် ။






