ဘယ်ဂျီယံ အသင်း တိုက်စစ်မှုး လူကာကူ ဟာ ဆလိုဗက်ကီးယား အသင်း နဲ့ ပွဲမှာ အတော်လေး ဂိုးကံခေ ခဲ့ပြီး ဂိုးနှစ်ဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် ပယ်ဖျက်ခြင်း ခံခဲ့ရသလို အပိုင် အခွင့်အရေးတွေ ကိုလည်း လွဲချော် ခဲ့ပါတယ် ။

ဆလိုဗက်ကီးယား အသင်းဟာ ပွဲချိန် ၇ မိနစ်မှာ သွင်းယူခဲ့တဲ့ Ivan Schranz ရဲ့ သွင်းဂိုး နဲ့ အတူ ကမ္ဘာ့တတိယ အကောင်းဆုံး အသင်း ဘယ်ဂျီယံအသင်းကို အနိုင်ယူ သွားခဲ့တာ ဖြစ်ပြီး တစ်ကမ္ဘာလုံး ကို အံ့ဩ မှင်သက် စေခဲ့ပါတယ် ။
လူကာကူ ဟာ ဆလိုဗက်ကီးယား အသင်း နဲ့ ပွဲမှာ expected goal 0.82 အထိ ရှိခဲ့ပြီး ဆလိုဗက်ကီးယား တစ်သင်းလုံး ရဲ့ expected goal က 0.59 သာ ရှိခဲ့ပါတယ် ။ ဘယ်ဂျီယံ အသင်း နည်းပြ တီဒက်စ်ကို အတွက် အသင်းကို စတင် ကိုင်တွယ်တဲ့ ၁၅ ပွဲ မြောက်မှာ ပထမဆုံး ရှုံးပွဲကို ကြုံတွေ့ သွားခဲ့ရတာ ဖြစ်ပါတယ် ။
ပွဲအပြီး အင်တာဗျူးမှာ တီဒက်စ်ကို ကတော့ အသင်း ရှုံးပွဲ အတွက် လူကာကူ ကို အပြစ်ဖို့ ဖို့ ငြင်းဆန် သွားခဲ့ပါတယ် ။ ” ရှုံး ပွဲအတွက် ကျနော် အများကြီး နာကျင် ခံစား ရပါတယ် ။ ကျနော် ဘယ်သူ့ကိုမှ လက်ညိုးထိုး အပြစ်မဖို့ ချင်ပါဘူး ၊ ကျနော်တို့ ပြောစရာတွေ အများကြီး ရှိပေမယ့် အသင်းအတွင်းမှာပဲ ပြောသွားမှာပါ ၊ မီဒီယာတွေကနေ တစ်ဆင့် ပြောသွားမှာ မဟုတ်ပါဘူး ။ ”

” ကျနော်တို့ တစ်နေ့တစ်ချိန်ကျရင် ရှုံးပွဲကတော့ ကြုံရမှာလို့ တွေးထားပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီနေ့ ဖြစ်သွားခဲ့ပါတယ် ။ အသင်း တိုးတက် ကောင်းမွန်ဖို့ ကျနော် ပြောစရာ သိပ်မရှိပါဘူး ၊ ကျနော်တို့ အပိုင် အခွင့်အရေးတွေ အများကြီး ဖန်တီး နိုင်ခဲ့ပါတယ် ၊ တစ်ဂိုးလောက် ဝင်အောင် သွင်းနိုင်ရင်ကို ပွဲကလွယ်ကူ သွားမှာပါ ။ ”
” လူကာကူ က ဘယ်ဂျီယံ အတွက် အချိန် အကြာကြီး ကစား လာခဲ့သူပါ ။ သူက ဂိုးဘယ်လို သွင်းရမလဲ ကောင်းကောင်း သိပါတယ် ၊ ကျနော် သူ့ကို ပြောစရာ မလိုပါဘူး ၊ သူက အရည်အသွေးကောင်းတွေ ရှိတဲ့ ထိပ်တန်း ကစားသမား တစ်ဦးပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






