ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နှင့် မန်ယူတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က ဆန်လွိုက်ဆီနှင့်ပွဲတွင် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အား ဝေဖန်ခဲ့ပြီး ပြောင်းရွှေ့ကြေးနှင့် ထိုက်တန် သည့် ခြေစွမ်းပြရန်လိုကြောင်း သတိပေးပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် အောက်တိုဘာ ၅ ရက် (ကြာသပတေးနေ့)က ကစားခဲ့သည့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်တွင် ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီအသင်းကို ဂရာဗန်ဘတ်ချ် (၄၄ မိနစ်)၊ ဂျိုတာ (၉၀+၂ မိနစ်)တို့ ၏ သွင်းဂိုးများကြောင့် (၂-၀) ဂိုးဖြင့် အနိုင် ရခဲ့သည်။ သို့သော် အဆိုပါပွဲစဉ် ပထမပိုင်း၌ လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ဆာလာ၏ ပေးပို့မှုမှတစ်ဆင့် အနီးကပ်ပိတ်သွင်းခွင့်ရခဲ့သော်လည်း ဂိုးပေါက်နှင့်လွဲချော်ခဲ့သည်။
ယင်းလွဲချော်မှုကြောင့် ဒါဝင်နူးနက်ဇ်မှာ လူမှုကွန်ရက်များတွင် လှောင်ပြောင်ခံနေရပြီး TNT Sport တွင် အဆိုပါပွဲစဉ်ကို သုံးသပ်နေသည့် လီဗာပူးလ်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကလည်း ဒါဝင်နူးနက်ဇ်၏ လွဲချော်မှုအပေါ် အလွန်အံ့အားသင့်မိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုက်ကယ်အိုဝင်က “ဒါဝင်နူးနက်ဇ်ရဲ့ လွဲချော်မှုက ယုံကြည်မှုမရှိလို့၊ စွမ်းရည်မရှိလို့ ဒါမှမဟုတ် အာရုံစူးစိုက်မှုနည်းပါးလို့ လွဲချော်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ သီအိုရီအရ ပြောရမယ်ဆိုရင် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးအနေနဲ့ ဒီလိုအနေအထားမှာ ဂိုးရကို ရသင့်ပါတယ်။ ဒါဝင်နူးနက်ဇ်အနေနဲ့ အချို့အရာတွေမှာ အကောင်းဆုံးလုပ်ပြနိုင်ပေမဲ့ တိုက်စစ်မှူးတစ်ဦးအနေနဲ့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါဝင်နူးနက်ဇ်ဟာ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပြီး ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာဖို့ဆိုရင်တော့ သူ့အနေနဲ့ နည်းပြရဲ့ အကူအညီကို အများကြီးလိုအပ်သလို အတွေ့အကြုံရင့်ကျက်ဖို့လည်း လိုသေးတယ်လို့ ထင်ပါတယ်”ဟု ပြောကြားခဲ့သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘင်ဖီကာအသင်းမှ လီဗာပူးလ်အသင်းထံသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်း (Add-ons ကြေးများကို ထည့်တွက်ပါက ပေါင် ၈၅ သန်းအထိ ရှိလာနိုင်) ဖြင့် ရောက်ရှိလာသူဖြစ်သည်။
၎င်းသည် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲတွင် ၁၉ ဂိုးသွင်းယူထားသော်လည်း အပိုင်အခွင့်အရေးများကို လွဲချော်မှုကြောင့် ဝေဖန်မှုများနှင့် မကြာခဏ ရင်ဆိုင်နေရသူလည်း ဖြစ်သည်။ ယခုအခါ မိုက်ကယ်အိုဝင်က ဒါဝင်နူးနက်ဇ်အား ပြောင်းရွှေ့ကြေးနှင့်ထိုက်တန်ကြောင်း သက်သေပြရန် လိုအပ်သည်ဟု သတိပေးခဲ့ခြင်း ဖြစ်သည်။
“လီဗာပူးလ်အသင်းက ဒါဝင်နူးနက်ဇ်အတွက် ပြောင်းရွှေ့ကြေးများစွာ အသုံးပြုထားတာပါ။ ဒီတော့ အရမ်းကောင်းတဲ့ ကစားသမားကို သူတို့ရသင့်ပါတယ်။ ဒါဝင်နူးနက်ဇ်ရဲ့ တချို့စွမ်းရည်တွေက အရမ်းကောင်းပေမဲ့ လိုအပ်ချက်တွေရှိနေပါ။ အဲဒါတွေတိုး တက်လာမယ်ဆိုရင် သူဟာ ပိုကောင်းလာမှာပါ”ဟု အိုဝင်က ပြောကြားခဲ့သည်။






