ဒွိုက်ယော့က မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဂျေဒွန်ဆန်ချို နဲ့ ဒေ့ါမွန် တိုက်စစ်မှုး ဒွန်ရယ်မာလန် တို့ အလဲအထပ် လုပ်သွားဖို့ ရှိနေတဲ့ ကိစ္စ အပေါ် သတိပေးမှု လုပ်သွားခဲ့ပါတယ်။ ဆန်ချိုဟာ အဲရစ်တန်းဟတ်ရဲ့ ဆက်ဆံရေး ဆိုးရွားနေတာကြောင့် ဇန်နဝါရီမှာ အိုးထရပ်ဖို့ဒ် ကနေ အငှား ဒါမှမဟုတ် အပြီး ထွက်ခွာသွားဖို့ ရှိနေပါတယ်။
တချိန်တည်းမှာပဲ မန်ယူနိုက်တက်ဟာ နွေရာသီက အတ္တလန်တာ ကနေ ပေါင် ၇၂ သန်းနဲ့ ပြောင်းလာခဲ့တဲ့ ရက်စ်မက်စ်ဟွိုင်လန်းရဲ့ ၀န်ထုပ်၀န်ပိုးကို လျော့ချရန် ဇန်နဝါရီမှာ တိုက်စစ်မှုး တစ်ဦး ခေါ်ယူဖို့ ရည်ရွယ်နေပါတယ်။ ရပ်ဖို့ဒ်နဲ့ မာစီရယ် တို့ကလည်း ဒီရာသီမှာ ပုံစံကောင်း မပြသနိုင်တာကြောင့် ယူနိုက်တက်ဟာ လက်ရှိမှာ စတုဂတ်နဲ့အတူ ခြေစွမ်းပြနေတဲ့ ဂီရာဆီကို ချိတ်ဆက်နေပါတယ်။
စတုဂတ်က သူတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကို ဆောင်းရာသီမှာ လက်လွှတ်ပေးရန် ဆန္ဒမရှိတာကြောင့် ယူနိုက်တက်ဟာ နောက်ထပ် option ထပ်ရှာနေပြီး ဒေါ့မွန်ရဲ့ မာလန် နဲ့ ဆန်ချို တို့ကို အလဲအလှယ် လုပ်သွားရန် ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ မာလန်ဟာ PSV မတိုင်မီ အာဆင်နယ်မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် မာလန်ဟာ ဒေါ့မွန် အတွက် ဘွန်ဒက်လီဂါ ၆၂ ပွဲမှာ ၁၈ ဂိုးသာ သွင်းပေးခဲ့သူ ဖြစ်ပြီး ဒွိုက်ယော့က ဟော်လန်လက်ရွေးစင်ဟာ ယူနိုက်တက်ရဲ့ တိုက်စစ် ဂိုးမိုးခေါင်နေမှုရဲ့ အဖြေ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။
ယော့က “ကျနော် ဒွန်ရယ်မာလန်ရဲ့ ကစားပုံကို သိပ်မမြင်ဖူးပါဘူး။ ဒါပေမယ့် သူဟာ ဘွန်ဒက်လီဂါမှာ ဂိုးအနည်းငယ် သွင်းယူထားတာကိုတော့ ကျနော် သိပါတယ်။ သူ့ရဲ့ အရည်အသွေးကို ဆုံးဖြတ်ဖို့ အတွက် ကျနော် လုံလုံလောက်လောက်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် သူဟာ အဆင်ပြေတဲ့ ကစားသမား ဖြစ်မယ့်ပုံ ပါပဲ။

ယူနိုက်တက် အနေနဲ့ အသင်းကို တိုးတက်စေမှာ မဟုတ်တဲ့ ကစားသမားတွေ အတွက် ပိုက်ဆံထပ်ဖြုန်းလို့ မရနိုင်ပါဘူး။ တစ်ယောက်ယောက်ကို မခေါ်မီ ဒါကို အရင်ဦးဆုံး စဉ်းစားရမှာပါ။ အကယ်၍ သူတို့ အားဖြည့်မယ့် ကစားသမားက သူကစားတဲ့နေရာမှာ အသင်းကို တိုးတက်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ဒီအတိုင်းပဲ ဆက်သွားနေမှာပါ။ ဘာမှ မထူးပါဘူး။
ယူနိုက်တက်ဟာ ကလပ်ရဲ့ ဖိအားကို ခံနိုင်ပြီး အသင်းကို နိုင်ပွဲတွေရအောင် ကူညီပေးနိုင်မယ့်သူတွေကို ခေါ်ယူရန် လိုပါတယ်။ ကျန်ကစားသမားတွေ ကစားပုံ မကောင်းရင်တောင် ကောင်းကောင်း ကစားနိုင်မယ့်သူမျိုးပေါ့။ ဒီလူစာရင်းမှာတော့ ကျနော်တို့ ဒါကို မတွေ့ရပါဘူး။ မက်တိုမီနေး တစ်ယောက်လောက်ပဲ အဆင်ပြေပါတယ်။
ကစားသမားကောင်းတွေ ဆိုတာ အသင်းက အခြေအနေ မကောင်းရင်တောင် ပွဲတွေကို လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ လက်ရှိ လူစာရင်းမှာတော့ ဒီလို ကစားသမားတွေ မရှိဘဲ အားလုံး ပြိုပျက်လွယ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။






