မနေ့ညက ကစားသွားတဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေ မှာတော့ ပေါ်တူဂီ ၊ ဘရာဇီး နဲ့ ဆွစ်ဇာလန် တို့ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြပြီး ယူရဂွိုင်း နဲ့ တောင်ကိုရီးယားတို့ရဲ့ ပွဲစဉ် ကတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့ ပါတယ် ။ ပေါ်တူဂီ ပွဲမှာ ဂိုးသွင်း ခဲ့တဲ့ ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ကမ္ဘာ့ဖလား ၅ ကြိမ် ဂိုးသွင်း နိုင်တဲ့ ပထမဆုံး ဘောလုံးသမား ဖြစ်လာခဲ့ ပါတယ် ။



ဘရာဇီး တိုက်စစ်မှူး နေမာ ဟာ မနေ့ညက ပွဲမှာ ၉ ကြိမ် ပြစ်ဒဏ်ကျူးလွန် ခံခဲ့ရပြီး လက်ရှိ ကမ္ဘာ့ဖလားမှာ အရေအတွက် အများဆုံး ဖြစ်ခဲ့ ပါတယ် ။ နေမာ ဟာ ခြေကျင်းဝတ် မှာ ဒဏ်ရာ ရရှိသွားခဲ့ ပေမယ့် နည်းပြကြီး တီတေး ကတော့ နေမာ ရဲ့ ကမ္ဘာ့ဖလားဟာ အဆုံးမသတ်သွားပါဘူးလို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

ဒါပေမယ့် နောက်ပွဲစဉ် ကို ပါဝင် နိုင်ဖို့ကတော့ အခုထိ မသေချာသေးပါဘူး ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ဟာ ကနေဒါ လက်ရွေးစင် အသင်းကို အားပေးနေကြောင်း ထုတ်ဖော် ပြောဆို ခဲ့ပြီး လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မှာ ကနေဒါ ကို ကိုင်တွယ် နည်းပြဖို့ စိတ်ကူး ရှိကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

ကနေဒါ ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ရဲ့ အိမ်ရှင် ၃ နိုင်ငံ ( ကနေဒါ ၊ အမေရိကန် ၊ မက္ကဆီကို ) ထဲက တခုဖြစ်ပြီး ခြေစစ်ပွဲ မကစားဘဲ တိုက်ရိုက် အောင်မြင်ခွင့် ရရှိဖို့ အလားအလာ ကောင်းနေပါတယ် ။






