အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ လာမယ့် ရာသီမှာ နီကိုလပ်စ် ပေပေ ကို အသင်းထံ ပြန်ခေါ်ပြီး အခွင့်အရေး ထပ်ပေးသင့်တယ်လို့ တိုက်တွန်း ခံနေရပါတယ် ။ ပြီးခဲ့တဲ့ သုံးနှစ်က အာဆင်နယ် အသင်းကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ရောက်ရှိ လာခဲ့တဲ့ ပေပေ ဟာ ဒီနွေရာသီမှာ ပြင်သစ်လီဂူး ကလပ် နိစ် အသင်းကို အပြီးသတ် ခေါ်ယူခွင့် မပါတဲ့ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက် ကစားနေတာ ဖြစ်ပါတယ် ။
အသက် ၂၇ နှစ် အရွယ် ပေပေ ဟာ အာဆင်နယ် အတွက် သုံးရာသီ ကစားရာမှာ ၁၁၂ ပွဲ ကစား ၂၇ ဂိုး အထိ သွင်းပေး ထားပါတယ် ။ ပေပေ ဟာ နိစ် အသင်းမှာ အငှားသွားကစားရာမှာလည်း ပြိုင်ပွဲစုံ ၈ ဂိုးသာ သွင်းထား နိုင်တာကြောင့် ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခံရဖွယ် ရှိမနေပါဘူး ။

အာဆင်နယ် အသင်း ဟာ လာမယ့် နွေရာသီမှာ ပေပေ ကို ရောင်းထုတ် လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ် နေပေမယ့် အီဘိုယေး ကတော့ အိုင်ဗရီကိုစ့်သားကို နောက်ထပ် အခွင့်အရေး ထပ်ပေးသင့်တယ်လို့ Ladbrokes မှာ ပြောကြား သွားခဲ့ပါတယ် ။ ” ပေပေ တစ်ယောက် အာဆင်နယ် မှာ နေရာ ပြန်ရဖို့ ဆိုတာက တော်တော်ကြီးကို ခက်ခဲ ပါလိမ့်မယ် ။ ဂါဘရီရယ် မာတင်နယ်လီ ရော ဆာကာ ရောက ဒီရာသီ အံ့ဖွယ် စွမ်းဆောင်ရည်တွေကို ပြသ ထားတာပါ ၊ မန်နေဂျာကလည်း သူတို့ နှစ်ဦးကိုပဲ တောင်ပံ မှာ ဆက်လက် အသုံးပြုလိမ့်မယ်ဆိုတာ ခင်ဗျားတို့လည်း သိကြမှာပါ ။ ”

” ပေပေ အနေနဲ့ အာဆင်နယ် ကို ပြန်လာရင် အလုပ် အများကြီး ကြိုးစားဖို့ လိုပါတယ် ။ မာတင်နယ်လီ ၊ ဆာကာ တို့ထက် ပိုကြိုးစားဖို့ လိုပါတယ် ၊ အာတီတာက သူ့တောင်ပံ ကစားသမား နှစ်ဦးကို အပြောင်းအလဲ လုပ်လိမ့်မယ်လို့ မထင်ပါဘူး ၊ ဒါကြောင့် ပေပေ အနေနဲ့ အာတီတာ ရဲ့ အတွေး နှင့် အစီအစဉ် မှာ သူ ပါ ပါဝင်လာအောင် ကိုယ့်ကိုယ်ကို တွန်းအားပေး ကြိုးစား ရပါမယ် ။ ”

” ကျနော်ကတော့ ပေပေကိုသာ နောက်ရာသီ အာဆင်နယ် မှာ ဆက်မြင်ရရင် ပျော်ရွှင်မှာပါ ၊ သူ့ကို အခွင့်အရေး ပေးဖို့ အာတီတာကို တောင်းဆို ချင်ပါတယ် ၊ ပေပေ လို ငွေကြေး အမြောက်အများ နဲ့ ရောက်လာတဲ့ ကစားသမား တစ်ဦး အနေနဲ့ ကစားခွင့်ရဖို့ လိုအပ်ပါတယ် ၊ သူ့ကိုယ်သူ သက်သေပြဖို့ လိုပါတယ် ၊ ကလပ် ဘက်က သူ့အတွက် ငွေကြေး အများကြီး သုံးခဲ့တယ်ဆိုတာက အသင်းရဲ့ ပွဲထွက် ကစားသမား အဖြစ် ပုံမှန် အသုံးပြုချင်ခဲ့တာကြောင့်ပါ ။ သူက ခြေစွမ်းပြနိုင်ရင် သိပ်ကောင်းတဲ့ ကစားသမားပါ ၊ သူ့ကို ပိုမို ကြိုးစား ကစားစေချင်ပါတယ် ၊ အာတီတာ အနေနဲ့ သူ့ကို အခွင့်အရေး ပေးကြည့်စေချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






