ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့တွင် ပီအက်စ်ဂျီအသင်းသည် ရက်ရှ်ဖို့ကို တစ်ပတ်လုပ်ခပေါင် ၄ သိန်းဖြင့် ကမ်းလှမ်းခဲ့သော်လည်း အင်္ဂလန်တိုက်စစ်မှူးက လက်မခံပယ်ချခဲ့သည်။ မန်ယူသို့ တန်းဟက် ရောက်ရှိလာပြီးနောက် ရက်ရှ်ဖို့သည် သွင်းဂိုးအရေအတွက်များစွာ တိုးတက်လာပြီး လက်ရှိဘောလုံးရာသီသည် သူ့အတွက် မန်ယူစီနီယာ ကစားသမားဘဝတွင် သွင်းဂိုးအများဆုံး ဘောလုံးရာသီအဖြစ် ရပ်တည်နေသည်။

ပြီးခဲ့သည့်နှစ်တွင် ရက်ရှ်ဖို့သည် မန်ယူတွင် ခြေစွမ်းပြရန် ရုန်းကန်နေရသောကြောင့် ပီအက်စ်ဂျီက ထိုအချက်ကို အခွင့်ကောင်းယူ၍ ၎င်းကို ပဲရစ်သို့ ခေါ်ယူရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ပီအက်စ်ဂျီက တစ်ပတ်လုပ်ခပေါင် ၄ သိန်းဖြင့် ကမ်းလှမ်းခဲ့သလို ရက်ရှ်ဖို့သည် ပြင်သစ်အသင်း၏ အဆင့်မြင့် ရာထူးမှ တာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့သော်လည်း နောက်ဆုံးတွင် မန်ယူတွင်သာ ဆက်နေရန် ရက်ရှ်ဖို့က ဆုံးဖြတ်ခဲ့သည်။
အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖို့သည် မန်ယူနှင့် စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့ပြီး အသင်းနှင့် ရေရှည်သက်တမ်းတိုးရန် ဆွေးနွေးနေသည်။ ပြီးခဲ့သည့်နှစ်က ရက်ရှ်ဖို့က ငြင်းပယ်ခဲ့သော်လည်း ပီအက်စ်ဂျီအသင်း အကြီးအကဲအယ်လ်ခီလိုင်ဖီသည် ရက်ရှ်ဖို့ကို ခေါ်ယူရေးကို စိတ်ဝင်စားနေဆဲဖြစ်သည်။

ရက်ရှ်ဖို့သည် ယခုတစ်ကြိမ်စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ၎င်း၏အသက်အရွယ်နှင့် လက်ရှိခြေစွမ်းအရ လုပ်ခလစာ အများဆုံးရရှိနိုင်သည့်အနေအထားတွင် ရှိနေသော်လည်း မန်ယူသည် မည်သည့်ကစားသမားကိုမျှ တစ်ပတ်လုပ်ခပေါင် ၂ သိန်းထက်ပို၍ မကမ်းလှမ်းရန် မူချမှတ်ထားသဖြင့် မန်ယူနှင့် ရက်ရှ်ဖို့ကြားက စာချုပ်သက်တမ်းတိုးရေးဆွေးနွေးမှုကို စောင့်ကြည့်ရမည်သာဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။






