အာဆင်နယ် နည်းပြ မီခေးလ် အာတီတာ က စပို့တင်း လစ္စဘွန်း အသင်း နဲ့ ပွဲမှာ သူတို့ အသင်းဟာ အနိုင်ရလောက်တဲ့ အထိ ကောင်းအောင် ကစားနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ဝန်ခံလိုက်ပြီး ပွဲ ကစားချိန် ၇၅ မိနစ် အထိ သူတို့ရဲ့ ပုံမှန် အဆင့်အတန်း မှာ ရှိမနေခဲ့ဘူးလို့ ပြောကြား သွားခဲ့ပါတယ် ။
အမ်းမရိတ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့မှာ အာဆင်နယ် အသင်းဟာ စပို့တင်း အသင်း နဲ့ သာမန် ပွဲ ကစားချိန် အတွင်းမှာရော နာကျင် အချိန်ပိုမှာပါ တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ရပြီး ပင်နယ်တီမှာ ၃-၅ နှင့် ရှုံးနိမ့် သွားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်း ပွဲ ကစားချိန်အတွင်း ရှာကာ ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ပက်ဒရို ဂွန်ကာလပ်ဗ် က စပို့တင်း အတွက် ချေပဂိုး ပြန်လည် သွင်းယူ သွားခဲ့ပါတယ် ။ နာကျင် အချိန်မှာ အာဆင်နယ် အသင်း ဦးဆောင်ဂိုး ပြန်ရမယ့် အပိုင်အခွင့်အရေး နှစ်ကြိမ် အထိ ရှိခဲ့ပေမယ့် ထရောဆက်ဒ် နှင့် ဂါဘရီရယ် တို့ရဲ့ ကြိုးစားမှုတွေကို စပို့တင်း ဂိုးသမား လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။
ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ပင်နယ်တီ အရင်ဦးဆုံး ကန်ရတဲ့ စပို့တင်း ကစားသမားတွေ အားလုံး ဂိုးဝင်အောင် ကန်နိုင်ခဲ့ပြီး အာဆင်နယ် ဘက်က မာတင်နယ်လီ ဂိုးမဝင်တာကြောင့် ဂန်းနားတို့ ယူရိုပါလိဂ် ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ် ။

ပွဲအပြီး BT Sports နဲ့ အင်တာဗျူးမှာတော့ နည်းပြ အာတီတာ က ” တကယ့်ကို စိတ်ပျက်စရာ ရလဒ်ပါပဲ ။ ပွဲ ကစားချိန် ၇၅ မိနစ်လောက်က ကျနော်တို့ အဆင့်အတန်း နဲ့ အညီ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ။ ဘောလုံးတွေ အလွယ်တကူ အပျက်များ ခဲ့ပြီး ပွဲကို ဦးဆောင် ကစားနိုင်စွမ်း မရှိခဲ့ပါဘူး ။ ”
” နာကျင် အချိန်မှာ အနိုင်ရဖို့ အတွက် ကြီးမားတဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ် ။ ပင်နယ်တီ ကတော့ မသေချာ မရေရာမှုတွေ များပါတယ် ၊ တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ ၊ ကျနော်တို့ dual တွေလည်း အသာ မရခဲ့ပါဘူး ၊ လုံလောက်တဲ့ ဖိအားပေးမှုတွေလည်း လုပ်နိုင်ခဲ့ခြင်း မရှိပါဘူး ။ ”
” ဘောလုံးဆုံးရှုံးမှုတွေ တောက်လျှောက် ရှိခဲ့ပြီး ကျနော်တို့ မကစားချင်တဲ့ open game ပုံစံ ဖြစ်သွားခဲ့ပါတယ် ။ တိုမီယာဆု နှင့် ဆလီဘာ တို့လည်း ဒဏ်ရာ ရသွားကြပါတယ် ၊ ဒါကြောင့် အပြောင်းအလဲ တွေ စိတ်ကြိုက် လုပ်မရခဲ့ပါဘူး ၊ နာကျင် အချိန်ပိုမှာ ကျနော်တို့ လူစားလဲခွင့် တစ်ကြိမ်ပဲ ရှိတော့သလို လဲစရာ လူလည်း မရှိတော့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






