စပိန် အသင်းဟာ ယမန်နေ့ညက ကစားသွားတဲ့ ယူရို ၂၀၂၄ အုပ်စု အဖွင့်ပွဲမှာ ခရိုအေးရှား အသင်းကို ပထမပိုင်း အတွင်း ရရှိခဲ့တဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ – ၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ် ။ ဒါဟာ မရဏ အုပ်စုတွင်း ကျရောက်နေတဲ့ စပိန် အဖို့ ကျေနပ်စရာကောင်းတဲ့ ရလဒ်လည်း ဖြစ်ပါတယ် ။
ဒီပွဲမှာ စပိန် နည်းပြ ဒယ်လာဖွမ်တေဟာ တောင့်တင်းတဲ့ ပွဲထွက်စာရင်းကို ပွဲထုတ် သုံးသွားပေမယ့် ၊ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာ စပိန်အတွက် ပွဲထွက်ခွင့် ရခဲ့တဲ့ အပေါ် ဘဝင်မကျ ဖြစ်ခဲ့ပါတယ် ။
ITV Sport ရဲ့ ပွဲကြို အစီအစဉ်မှာ နဗီးလ်က ကူကူရယ်လာဟာ စပိန်တို့ ယူရိုမှာ ဗိုလ်စွဲဖို့ အခွင့်အရေးကို ဖျက်ဆီးပစ်နိုင်ကြောင်း အခုလိုပဲ သုံးသပ်သွားပါတယ် ။
နဗီးလ် က ” သူ ကစားခွင့် ရလိမ့်မယ်လို့ ကျွန်တော်တို့ ထင်မထားခဲ့ကြပါဘူး ။ သူဟာ ချဲလ်ဆီးမှာ လက်ခံရလောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသထားပါဘူး ။ ရာသီသိမ်းခါနီး ချဲလ်ဆီးရဲ့ နောက်ပိုင်း ပွဲတချို့ကို သူ ကစားခဲ့ရပါတယ် ။ သူဟာ မာမာထန်ထန် ရှိပြီး ၊ အမြဲတမ်း မဆုတ်မနစ် ကြိုးစားတတ်ပါတယ် ။ ”

” သူဟာ အမြဲ အလုပ်ရှုပ်နေတဲ့ အစွန်နောက်ခံလူ တယောက်ပါပဲ ။ ရှင်းရှင်းပြောရရင် သူ့ရဲ့ တန်ကြေးက ဒီနေ့ ဒီအချိန်အထိ လူတိုင်းကို အံ့သြမှင်သက်စေပါတယ် ။ စပိန် ခံစစ်ဟာ အခုအချိန်မှာ အတွေ့အကြုံ အများကြီး ရှိနေပြီ ဖြစ်ပေမယ့် ၊ စပိန်မှာ ဗိုလ်စွဲနိုင်ဖို့ အတွက်ဆို တခုခု လိုအပ်နေသေးတယ်လို့ ခင်ဗျား ခံစားမိမှာပါ ။ ”
” သူ ( ကူကူရယ်လာ ) ဟာ ကျွန်တော်တို့ ဘာကြောင့် ဒီလိုမျိုး တွေးထင်ရခြင်း အတွက် နောက်ထပ် ဥပမာ တခုပဲလို့ ပြောရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကလည်း ကူကူရယ်လာထက်စာရင် ဂရီမယ်ဒိုက စပိန်ရဲ့ ပွဲထွက် ဘယ်နောက်ခံလူ ဖြစ်လာမယ်လို့ ထင်ထားပေမယ့် ၊ ယင်းလေဗာကူဆင် ကြယ်ပွင့်ကို အနားပေးထားတာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

ရိုက် က ” ခင်ဗျားတို့ ကျွန်တော် ဘာတွေ စဉ်းစားနေလဲ ဆိုတာ သိကြမှာပါ ။ ဘာလို့လဲဆိုတော့ ဂရီမယ်ဒိုဟာ လေဗာကူဆင်မှာ တကယ် ခြေစွမ်းပြထားခဲ့ပြီး ၊ ကူကူရယ်ရယ်လာထက်စာရင် သူ့ကို သုံးပြီး စပိန် အနေနဲ့ ခံစစ်ပိုင်း အနည်းငယ် ပိုတိုးတက်အောင် လုပ်နိုင်မှာမို့ပါ ။ ”
” နောက်ပြီး ဂရီမယ်ဒိုဟာ တိုက်စစ်လည်း လိုက်ပါကစားပေးနိုင်ပြီး ၊ ကျွန်တော်ကတော့ နောက်ပွဲတွေအတွက် သူ့ကို ချန်ထားတာလို့ပဲ ယူဆပါတယ် ။ ခရိုအေးရှားရဲ့ ခံစစ် အထိုင်ချ ကစားပုံကြောင့် သူတို့ တိုက်စစ် ပိုဖြည့်ချင်တဲ့ ပုံပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
အဆုံးမှာတော့ နဗီးလ် က ” လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုက်စစ်အသားပေး အစွန်နောက်ခံလူတွေကို အသုံးပြုတဲ့ ပုံစံက ကြီးကြီးမားမား ပြောင်းလဲလာခဲ့ပါတယ် ။ အာဆင်နယ် ၊ မန်စီးတီးတို့ကို ကြည့်ရင် ၊ ၄ယောက်တန်း ခံစစ်မှာ ကျဉ်းမြောင်းတဲ့ စတိုင်လ်မျိုး အသုံးပြုကြတာ မြင်တွေ့ရမှာပါ ။ ”
” မန်နေဂျာတွေဟာ သူတို့ရဲ့ ၄ယောက်တန်း ခံစစ်နဲ့ ပတ်သက်လာရင် ၊ နည်းနည်းလေး ပိုပြီး သတိရှိကြပါလိမ့်မယ် ။ ကိုယ့်ရှေ့က ကစားသမားတွေရဲ့ ကျော်တက်ကစားခြင်းကို မခံရစေဖို့ အတွက်ပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






