အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဟာဗက်ဇ်က စပါး – မန်စီးတီးပွဲ၌ မြို့ခံပြိုင်ဘက် စပါးအသင်းကို အားပေးသွားမည်ဖြစ်သလို၊ မျှော်လင့်သည့်ရလဒ် ရရှိခဲ့ပါက စပါးအသင်း၏ပရိသတ်အဖြစ် ထာဝရရပ်တည်သွားမည်ဟု အရွှန်းဖောက်ခဲ့သည်။
ယင်းပွဲတွင် စပါးအသင်း အနိုင်(သို့မဟုတ်)သရေရလဒ်ရရှိမှသာ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိရန် အခွင့်သာမည်ဖြစ်သောကြောင့် ဟာဗက်ဇ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

”ကျွန်တော် စပါးအသင်းရဲ့ အမာခံပရိသတ်အဖြစ် ရပ်တည်သွားမှာပါ။ ကျွန်တော်တို့အားလုံးပါပဲ။ အကောင်းဆုံးကို မျှော်လင့်ထားပါတယ်”ဟု ဟာဗက်ဇ်က ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် လက်ရှိတွင် ၈၆ မှတ်ဖြင့် မန်စီးတီးထက် တစ်ပွဲပို၊ တစ်မှတ်အသာဖြင့် ထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။