ကွန်တီ၏စပါးအသင်းသည် အဝေးကွင်းတွင်ကစားရသည့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် တန်းဆင်းဇုန်၌ ရုန်းကန်နေရသော ဆောက်သမ်တန်အသင်းနှင့် ၃ ဂိုးစီသရေကျခဲ့သည်။ ထိုပွဲအပြီးတွင် စပါးအသင်းကစားသမားများသည် တကိုယ်ကောင်းဆန်ကြောင်း တိုက်ခိုင်ရေးစိတ်ဓာတ်မရှိကြောင်းများ အပါအဝင်ကွန်တီက ပြင်းထန်စွာ ဝေဖန်ပြောဆိုလိုက်သည်။

ကွန်တီ၏အသင်းသည် ပွဲပြီးရန် ၁၄ မိနစ်အလိုခန့်အထိ ၃-၁ ဖြင့်ဦးဆောင်နိုင်သော်လည်း ပွဲချိန် ၇၇ မိနစ်တွင် ဝေါလ်ကော့က ဆောက်သမ်တန်အတွက် ချေပဂိုးတစ်ဂိုးသွင်းခဲ့သလို နာကျင်အချိန်ပိုတွင် ဝက်ဘ်ပရောက်စ်က ပင်နယ်တီမှ တဆင့်ချေပဂိုးနောက်တစ်ဂိုးထပ်သွင်းခဲ့ခြင်းကြောင့် သုံးဂိုးစီသရေကျခဲ့ရသည်။ စပါးသည် နောက်ဆုံးကစားသည့်ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ၅ ပွဲတွင် တစ်ပွဲသာအနိုင်ရရှိထားသည်။ စပါးသည် လက်ရှိတွင် အဆင့် ၄ နေရာ၌ ရပ်တည်နေနိုင်သော်လည်း အဆင့် ၅ နေရာမှ နယူးကာဆယ်ထက် ၂ မှတ်သာ အသာရပြီး ၂ ပွဲပိုကစားထားသည်။

“ပြဿနာက စပါးက အသင်းတစ်သင်းအသွင်စည်းလုံးမှု မရှိဘူးဆိုတာကို ပြသလိုက်တာပါပဲ။ ကစားသမား ၁၁ ယောက်က သီးခြားစီကစားနေတယ်။ သူတို့က တစ်ကိုယ်ကောင်းဆန်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်မကူညီချင်ကြဘူး။ အသည်းနှလုံးနဲ့ ဘောလုံးမကစားဘူးလို့ ပြောလို့ရပါတယ်”ဟု ကွန်တီက ပြောဆိုလိုက်သည်။

စပါးအသင်း၏ပြဿနာများသည် သူမရောက်ခင်ကတည်းက စတင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း ကွန်တီက ဆက်လက်ပြောဆိုလိုက်သည်။ “စပါးကစားသမားတွေက ဖိအားတွေများနေချိန် စိတ်ကျဉ်းကျပ်နေချိန်မှာ ဘောလုံးကစားရတာ အဆင်မပြေဖြစ်တတ်ပါတယ်။ စပါးရဲ့ဇာတ်လမ်းက နှစ်ပေါင်း ၂၀ လောက်ဆုဖလားကင်းမဲ့နေတယ်။ အကြောင်းပြချက်ကတော့ ကလပ်အသင်းအမှားလား လာရောက်ကိုင်တွယ်တဲ့မန်နေဂျာတွေအမှားလားတော့မသိဘူး။ အရင်ကတော့ ကျွန်တော် ဖွင့်မပြောဖြစ်ဘူး။ အခုတော့ ၁၀ ပွဲလောက်ပဲ ကစားဖို့ကျန်ပါတော့တယ်။ ပရိသတ်တွေက ကျွန်တော်တို့ တိုက်ခိုက်ကြိုးစားနိုင်မယ်လို့ထင်နေတယ်။ ဘာအတွက်တိုက်ခိုက်ကြိုးစားရမှာလဲ။ အဆင့် ၇ လား အဆင့် ၈ လား။ ဘာအတွက်လဲ။ တကယ်ကိုစိတ်ပျက်ရပါတယ်။ ကျွန်တော်တို့က ပွဲပြီးကာနီး ၁၅ မိနစ် အလိုလောက်အထိ ၃-၁ နဲ့အနိုင်ရနေတာကို ပွဲအပြီးမှာ အနိုင်ရသင့်တယ်လို့ ထင်ပါတယ်”ဟု ကွန်တီက ပြောဆိုလိုက်သည်။
ဘောလုံးရေးရာဝေဖန်သူ ကာရေဂါက စပါးအနေဖြင့် မန်နေဂျာကွန်တီကို အလုပ်ထုတ်သင့်ကြောင်း ပြောဆိုလိုက်သည်။ “ကွန်တီက နိုင်ငံတကာပွဲတွေကစားနေစဉ်မှာပဲ အလုပ်ထုတ်ခံချင်နေတယ် ထင်ပါတယ်။ စပါးကလည်း ဒါကိုထည့်စဉ်းစားပြီး ဆောက်သမ်တန်နဲ့ ပွဲအပြီးမှာပဲ ကွန်တီကို အလုပ်ကနေ ထုတ်ပယ်လိုက်သင့်ပါတယ်။ စပါးက ကာလရှည်ဘာလို့မအောင်မြင်တာလဲဆိုတာကို လူသိရှင်ကြားထုတ်မပြောသင့်ပါဘူး”ဟု ကာရေဂါက ပြောဆိုလိုက်သည်။






