မန်ယူအသင်း ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် စပါးအသင်းနှင့်ပွဲတွင် ပွဲမပြီးခင် ကွင်းအတွင်းမှ ထွက်ခွာသွားခြင်းအတွက် ပြန်လည်ဖြေရှင်းခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ဗုဒ္ဓဟူးနေ့က စပါး အသင်းနှင့်ကစားသည့်ပွဲ၌ ပွဲပြီးခါနီး ၈၉ မိနစ်တွင် အဝတ်လဲခန်းရှိရာ ဥမင်အတွင်း ဝင်ရောက်သွားခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် ချယ်လ်ဆီးနှင့်ပွဲတွင် ပါဝင်ခွင့်မပြုရန် မန်ယူအသင်းက ပြစ်ဒဏ်ချမှတ်ခဲ့သည်။ စီရော်နယ်လ်ဒို အနေဖြင့် ပွဲပြီးခါနီးတွင် လူစားလဲဝင်ရောက်ကစားရန် ငြင်းဆန်ခဲ့သလို လက်ကျန်မိနစ်များတွင် လူစားလဲခွင့် သုံးဦးကျန်ရှိနေသော်လည်း ကွင်းအတွင်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စီရော်နယ်လ်ဒိုက “ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့နည်းပြတွေ၊ ပြိုင်ဘက်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို လေးစားမှုရှိစွာနေထိုင်ဖို့ ကြိုးစားပြီး ကစားသမားဘဝတစ်လျှောက်လုံး အဲဒီလိုပဲ အမြဲတမ်းနေလာတာပါ။ ဘာမှမပြောင်းလဲသလို ကျွန်တော်ကိုယ်တိုင်လည်း မပြောင်းလဲပါဘူး။ ကျွန်တော်က ဒီဘောလုံးလောကမှာ ကျင်လည်လာတဲ့ နှစ်ပေါင်း ၂၀ အတွင်း တူညီတဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်၊ တူညီတဲ့ လူသားတစ်ယောက်ပါ။ လေးစားမှုရှိခြင်းဆိုတာ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ကိစ္စတိုင်းမှာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍကနေ အမြဲတမ်းပါဝင်ပါတယ်။ ကျွန်တော် ငယ်ရွယ်စဉ်မှာ အသက်ကြီးသူတွေနဲ့ အတွေ့အကြုံ အရင့်ဆုံးကစားသမားတွေရဲ့ ဥပမာတွေက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ နောက်ပိုင်းမှာ ကိုယ်စားပြုကစားရတဲ့ အသင်းအားလုံးမှာရှိတဲ့ လူငယ်ကစားသမားတွေအတွက် စံနမူနာပြဖြစ်ဖို့ အမြဲတမ်းကြိုးစားဖြစ်ပါတယ်။ ကံမကောင်းစွာပဲ အဲဒီလိုတော့ အမြဲတမ်း မဖြစ်နိုင်ပါဘူး။ တစ်ခါတလေမှာ ပူလောင်တဲ့ အခိုက်အတန့်တွေကလည်း ကျွန်တော်တို့ရဲ့ အကောင်းဆုံးတွေကို ရရှိစေပါတယ်။ အခု လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ ကာရင်တန်မှာ အလုပ်ကြိုးစားပြီးတော့ အသင်းဖော်တွေကို အားပေးဖို့၊ ဘယ်ပွဲအတွက်မဆို အဆင်သင့်ဖြစ်နေစေဖို့ လုပ်ရမယ်လို့ ခံစားမိပါတယ်။ ဖိအားပေးခြင်းက ရွေးချယ်စရာတစ်ခု မဟုတ်ပါဘူး။ အဲဒီလို လုံးဝမလုပ်ပါဘူး။ ဒါက မန်ချက်စတာယူနိုက်တက်ပါ။ ယူနိုက်တက်အတွက် ကျွန်တော်တို့ ရပ်တည်ရမှာပါ။ မကြာခင်မှာ ကျွန်တော်တို့ အတူပြန်ဆုံကြပါမယ်” ဟု Instagram မှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။

စီရော်နယ်လ်ဒိုသည် ရာသီကြိုခြေစမ်းပွဲ ဖြစ်သည့် ဗယ်လက်ကာနိုနှင့်ပွဲတွင်လည်း အလားတူပြုလုပ်ခဲ့ဖူးသောကြောင့် နည်းပြ အဲရစ်တန်ဟက်ဂ်နှင့် ၎င်းအကြား ဆက်ဆံရေး အခြေအနေ ပိုမိုတင်းမာလာပြီး အသင်းအတွက် ထပ်မံကစားခွင့်ရဖွယ်မရှိတော့ ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။






