Monday, February 9, 2026
spot_img
spot_img

ငွေကြေးများစွာ အသုံးပြုထားခြင်းကြောင့် ဖလားမရပါက ရာထူးမှထုတ်ပယ်ခံရနိုင်ဟု ဘာစီလိုနာနည်းပြ ဇာဗီ ဝန်ခံ

ဘာစီလိုနာနည်းပြ ဇာဗီက ဘာစီလိုနာအသင်းအနေဖြင့် ပြီးခဲ့သည့်နွေရာသီတွင် ငွေကြေးများစွာအသုံးပြုထားခြင်းကြောင့် ယခုရာသီတွင် ဖလားမရပါက မိမိအနေဖြင့် အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်နေရသော်လည်း အသင်း၏ရုပ်သံထုတ်လွှင့်ခွင့် (၂၅)ရာခိုင်နှုန်းအား မီဒီယာလုပ်ငန်းများကို ရောင်းချကာ ပြီးခဲ့သည့်နွေရာသီက ကစားသမားသစ်များ ခေါ်ယူခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နွေရာသီက လီဝန်ဒေါစကီး၊ ရာဖင်ညာ၊ ခွန်ဒဲ၊ ခရစ္စတန်ဆင်၊ ကက်ဆီး၊ မားကို့စ်အလွန်ဆို နှင့် ဘယ်လာရင်တို့ကို ပေါင်သန်း (၁၅၀) ကျော် အသုံးပြုကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် ဘာစီလိုနာအသင်းသည် ယခုရာသီတွင် မျှော်မှန်းထားသည့်အတိုင်း ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှထွက်ခွာရန် နီးစပ်နေသလို El Clàsicoတွင်လည်း မဟာပြိုင်ဘက် ရီးယဲလ်အသင်းကို (၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် အသင်းနည်းပြ ဇာဗီမှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ယခုရာသီတွင် ဖလားရယူနိုင်ခြင်းမရှိပါက ရာထူးမှ ထုတ်ပယ်ခံရနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇာဗီက “အသင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကျွန်တော်တို့အသင်းမှာပိုင်ဆိုင်ထားတဲ့ ကစားသမားလူစာရင်းအရ ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေအတွက် ယှဉ်ပြိုင်ရမှာပါ။ တကယ်လို့ ကျွန်တော်တို့သာ ဆုဖလားတွေ မရခဲ့ဘူးဆိုရင်အသင်း ဥက္ကဋ္ဌ ပြောတဲ့အတိုင်း အကျိုးဆက်တွေကို ကျွန်တော်ကစပြီး ခံစားရပါလိမ့်မယ်။ ကျွန်တော်တို့ ဖလားမရဘူးဆိုရင် တခြားနည်းပြတစ်ယောက် လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒီအလုပ်အတွက် အစွမ်းကုန်ပေးဆပ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

အသက် (၄၂) နှစ်အရွယ်ရှိ ဇာဗီသည် ဘာစီလိုနာဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၁ နိုဝင်ဘာတွင် ရော်နယ်လ်ကိုးမန်း၏နေရာကို ဆက်ခံကာ ဘာစီလိုနာနည်းပြရာထူးကို ရယူခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ချန်ပီယံလိဂ်တွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသလို၊ ယခုရာသီတွင်လည်း အုပ်စုအဆင့်မှ ထွက်ခွာရရန် နီးစပ်နေရာ ဇာဗီမှာ ရာထူးအတွက် ဖိအားများနေပြီး အနာဂတ်လှုပ်ခတ်လျက်ရှိကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments