မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ တနင်္ဂနွေနေ့ တုန်းက သူတို့ကို အရှက်တကွဲ ဖြစ်အောင် ဂိုးပြတ် အနိုင်ယူသွားခဲ့တဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး နည်းပြ ဂွာဒီယိုလာ နဲ့ သူ့ရဲ့ အသင်းကို အခုလို သင်ခန်းစာ ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနဂ်နွေနေ့ တုန်းက အီတီဟတ် ကွင်းထဲမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီ ပွဲစဥ် ကစားခဲ့ရပြီး ပွဲချိန် ပထမပိုင်းမှာပဲ ဟာလန်း ၊ ဖိုဒန် တို့ရဲ့ သွင်းဂိုးတွေကြောင့် 4 – 0 နဲ့ ရှုံးနိမ့် သွားခဲ့ရပါတယ် ။
အဲ့ဒီနောက် ပွဲချိန်ဒုတိယပိုင်းမှာ ယူနိုက်တက်ဖက်မှ အန်တိုနီ က တစ်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ဟာလန်း နဲ့ ဖိုဒန် တို့ကပဲ နောက်ထပ် တစ်ဂိုးစီသွင်း ၊ ဟတ်ထရစ် ကိုယ်စီ ရယူရင််း 6 – 1 ဖြစ်စေခဲ့ကြပါတယ် ။ အဲ့ဒီနောက် မာရှယ်ဟာ 2 ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့တဲ့ အတွက် 6 – 3 ဖြစ်သွားခဲ့ရပါတယ် ။

ဒါဟာ ဒီရာသီ ပြိုင်ပွဲစုံ 9 ပွဲထိ ကစားထားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် 4 ကြိမ်မြောက် ရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ် ။ ဒါ့အပြင် ဘရန်းဖို့ဒ် ကို 4 – 0 နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ဒါဟာ ဒုတိယမြောက် အကြီးမားဆုံး ရှုံးပွဲလည်း ဖြစ်သွားခဲ့ရပါတယ် ။
အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ဒီ ရှုံးပွဲဟာ အသင်းရဲ့ အနေအထား ဘယ်လို ရှိနေသလဲဆိုတာကို စစ်ဆေးတဲ့ ပွဲစဥ် တစ်ပွဲပဲ ဖြစ်ခဲ့ရကြောင်း ပြောရင်း အခုလို သင်ခန်းစာ ပေးခဲ့တဲ့ ပြိုင်ဖက် နည်းပြ နဲ့ အသင််းကို ကျေးဇူးတင်ခဲ့လိုက်ပါတယ် ။
” ဒါဟာ ကျွန်တော် အမြဲတမ်း လုပ်ဆောင်နေကြ အရာ တစ်ခုပဲ ဖြစ်ပါတယ် ။ ပြိုင်ဖက် အသင်းကို လေးစားဖို့ ၊ သူတို့ရဲ့ လေးစားသမှု ရရှိဖို့ပေါ့ဗျာ ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဒဿနတွေ ၊ စည်းမျဥ်းစည်းကမ်းတွေနဲ့ ဥပဒေသ တွေကို ဆက်လက် ဆုပ်ကိုင် သွားကြဦးမှာပါ ”
” နည်းစနစ်ပိုင်းအရတော့ ခင်ဗျားရဲ့ ပြိုင်ဖက် အသင်းကို တစ်ခါတစ်ရံ အံ့အားသင့်စေဖို့ ခြားနားတဲ့ အပြောင််းအလဲ အချို့ကို လုပ်ဆောင်ရပါတယ် ။ ကျွန်တော်တို့ဟာ အနာဂတ် မှာလည်း ဒီလို အပြောင်းအလဲတွေကို ဆက်လက်် လုပ်ဆောင်သွားကြဦးမှာပါ ”

” ဒီ သီအိုရီ ကို အခြေခံပြီး ကျွန်တော်တို့ ယုံကြည်မှုတွေ အများကြီး ရရှိကြပါတယ် ။ ကျွန်တော်တို့ အာဆင်နယ် နဲ့ လီဗာပူး တို့ကို အနိုင်ကစားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ မန်စီးတီး နဲ့ အမှန်တရားကို စစ်ဆေးတဲ့ ပွဲစဥ် တစ်ပွဲသာ ဖြစ်သွားခဲ့ရပါတယ် ”
” ကျွန်တော်တို့ အဆင့်တက်ဖို့ လိုအပ်တာ သိကြပါတယ် ။ ဒါ့ကြောင့် သင်ခန်းစာအတွက် ကျေးဇူးပါ ပက် နဲ့ စီးတီးရေ ။ ကျွန်တော်တို့ ဒါကို ခံယူပါ့မယ် ။ ပြီးရင် ပိုကောင်းဖို့ အများကြီး လိုသေးတယ်ဆိုတာကို နှလုံးသွင်းပြီ ဒီထက် အများကြီး ကြိုးစားရပါ့မယ် ”
” အသင်း တစ်သင်းကို တည်ဆောက်နေရင် နိုင်ပွဲချည်း ရနေမှာ မဟုတ်ဘူး ၊ ရှုံးပွဲတွေလည်း ကြုံရမယ်ဆိုတာကို ကျွန်တော် သိပါတယ် ။ ကျွန်တော်တို့ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ အဆင့် 1 ကို နိုင်ခဲ့သလို အာဆင်နယ် ကိုလည်း အနိုင် ကစားနိုင်ခဲ့ကြပါတယ် ”
” တနဂ်နွေမှာတော့ ကျွန်တော်တို့ ဆိုးရွားတဲ့ ရက်စွဲတစ်ခု ပိုင်ဆိုင်ခဲ့ရပြီး ရှုံးနိမ့်သွားခဲ့ကြပါတယ် ။ စီတီး ဟာ ပိုပြီး ကောင်းတဲ့ အသင်း ဖြစ်ခဲ့ရပါတယ် ။ ဒါကို ကျွန်တော်တို့ လက်ခံပါတယ် ။ ဒါပေမဲ့ အသင်းရဲ့ စွမ်းဆောင်ရည် ကိုတော့ လက်မခံပါဘူး ။ ဒါဟာ လက်မခံချင်စရာပါပဲ ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။