ချယ်လ်ဆီးအသင်းသည် ရာသီဝက်အငှားဖြင့် အက်သလက်တီကို တိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား အပြီးသတ်ခေါ်ယူရန်အတွက် အသင်းကစားသမား (၂)ဦးကို အလိုက်ပေးကမ်းလှမ်းခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ပေါ်တူဂီတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ် (၂၃ နှစ်)သည် ပြီးခဲ့သည့် ဇန်နဝါရီတွင် အက်သလက်တီကိုအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ တစ်ရာသီအငှားဖြင့် လာရောက်ကစားနေသူဖြစ်သည်။

၎င်းသည် ယခုရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲတွင် (၃)ဂိုးသာ သွင်းယူထားသော်လည်း အနာဂတ်တွင် အားကိုးရမည့်ကစားသမားဖြစ်သဖြင့် အပြီးသတ်ခေါ်ယူလိုနေခြင်း ဖြစ်သည်။
အက်သလက်တီကိုအသင်းသည် ဂျော်အိုဖေးလစ်၏ ပြောင်းရွှေ့ကြေးကို ပေါင် (၈၈)သန်း သတ်မှတ်ထားကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလ(၂)ခုတွင် ပေါင်သန်း(၆၀၀) အထိ အသုံးပြုခဲ့ခြင်းကြောင့် ယင်းကြေးကို ပေးလိုခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုအခါ ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး အူဘာမီယန်းနှင့် နောက်ခံလူ ကူကူရယ်လာတို့ကို အလိုက်ပေးကာ ဂျော်အိုဖေးလစ်အား ခေါ်ယူရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကစားသမား (၂)ဦး၏ တန်ကြေးမှာ ပေါင် (၇၂)သန်းရှိပြီး ချယ်လ်ဆီးအနေဖြင့် ငွေသားအနည်းငယ် ထပ်မံပေးချေရဖွယ်ရှိကြောင်း သိရသည်။






