Wednesday, February 11, 2026
spot_img
spot_img

ဂျော်အိုဖေးလစ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် ချယ်လ်ဆီးအသင်း နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု မီဒီယာများစွာ ဖော်ပြ

ချယ်လ်ဆီးအသင်းသည် အက်သလက်တီကိုအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဂျော်အိုဖေးလစ်ကို အငှားစာချုပ်ဖြင့် ခေါ်ယူရန် နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း မီဒီယာများစွာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

ဂျော်အိုဖေးလစ်(၂၃ နှစ်)သည် ယခုရာသီတွင် အက်သလက်တီကိုအသင်း၌ ခြေစွမ်းပြနိုင်ခြင်းမရှိသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများက စိတ်ဝင်စားခဲ့ကြသည်။

အစောပိုင်းသတင်းများအရ မန်ယူနှင့် အာဆင်နယ်တို့က ဂျော်အိုဖေးလစ်ကို ခေါ်ယူရန် အပြိုင်ကြိုးပမ်းနေကြောင်း သတင်းထွက်ခဲ့ပြီး အက်သလက်တီကိုအသင်းတောင်းဆိုသည့် ငှားရမ်းခကို ပေးချေလိုခြင်းမရှိသည့်အတွက် သဘောတူညီမှုမရခြင်းဖြစ်ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းသည် ပြောင်းရွှေ့ကြေးယူရို(၁၂၆)သန်းဖြင့် ခေါ်ယူခဲ့ရသည့် ဂျော်အိုဖေးလစ်ကို ရောင်းထုတ်လိုခြင်းမရှိသလို၊ ၎င်းအတွက် ရာသီကုန်အထိ ကာလတိုငှားရမ်းခကိုလည်း ယူရို(၁၅)သန်းအထိ အလိုရှိခဲ့သည်။

သို့သော် ယခု ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှုရရှိခဲ့သည့် ငှားရမ်းခမှာမူ ယူရို(၁၁)သန်းဖြစ်ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အဆိုပါငှားရမ်းခအပြင် လစာအဖြစ်လည်း (၆)လစာအတွက် ယူရို(၆)သန်း ပေးချေသွားရမည်ဖြစ်သည်။

ရလဒ်ဆိုးများနှင့် ရုန်းကန်နေရသော ချယ်လ်ဆီးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားခေါ်ယူမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ဂျော်အိုဖေးလစ်ကို သဘောတူညီမှု မရရှိမီ ကစားသမားသစ်(၃)ဦးကို ခေါ်ယူထားပြီးဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် ဂျော်အိုဖေးလစ်၏ အပြောင်းအရွှေ့မှာ အငှားသီးသန့်သာဖြစ်ပြီး အပြီးသတ်ခေါ်ယူနိုင်မည့်အချက် ပါဝင်ခြင်းမရှိပေ။

ဂျော်အိုဖေးလစ်သည် ချယ်လ်ဆီးအသင်းသို့ အငှားမပြောင်းရွှေ့မီ အက်သလက်တီကိုအသင်းနှင့် သက်တမ်းတိုးစာချုပ် ပြင်ဆင်ချုပ်ဆိုသွားရန် ဆန္ဒရှိနေကြောင်းလည်း သိရသည်။

ဂျော်အိုဖေးလစ်နှင့် အက်သလက်တီကိုအသင်းတို့၏ လက်ရှိစာချုပ်မှာ ၂၀၂၆ ခုနှစ်အထိဖြစ်ပြီး ယူရိုသန်း(၃၅၀)တန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments