ဂျူဗင်တပ်စ်ကစားသမားသစ်ဖြစ်လာသည့် တောင်ပံကစားသမား ကော့စတစ်က စီးရီးအေထိပ်သီးကလပ်သို့ ပြောင်းရွှေ့ရန်ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖရန့်ဖတ်ကစားသမားဟောင်း ကော့စတစ်၏ပြောင်းရွှေ့ကြေးမှာ ယူရို(၁၆)သန်းနှင့် Add-ons ကြေးများပါဝင်ပြီး ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
”ဒီနေ့က ကျွန်တော့်အဖို့ အထူးကောင်းမွန်တဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီလိုလာဖို့ စောင့်ဆိုင်းနေရချိန်မှာ အတော်လေး စိတ်လှုပ်ရှားမိခဲ့ပါတယ်။ ဒီရွေးချယ်မှုလား။ ဂျူဗင်တပ်စ်အသင်းကို ”Yes” လို့ အဖြေပေးဖို့ မခက်ခဲခဲ့ပါဘူး။ ဒူဆန်(ဗလာဟိုဗစ်)နဲ့လည်း ကျွန်တော် စကားပြောခဲ့ပြီးပါပြီ။ သူက အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါပဲ”ဟု ကော့စတစ်က ပြောကြားခဲ့သည်။
အသက်(၂၉)နှစ်ရှိပြီဖြစ်သူ ကော့စတစ်သည် ဖရန့်ဖတ်အသင်းတွင် (၅)နှစ်ကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ (၁၇၂)ပွဲတွင် (၃၃)ဂိုး သွင်းယူပေးနိုင်ခဲ့သည်။






