အက်စတွန်ဗီလာ အသင်းကို နှစ်ဂိုး လေးဂိုး ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရလိုက်ခြင်းဟာ အာဆင်နယ် အသင်းအတွက်တော့ အပေါင်း လက္ခဏာဆောင်မှုတွေများတဲ့ အနိုင်ရခြင်း ပါပဲ ။ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံးနေမှု ကို ရပ်တန့် နိုင်ခဲ့သလို သွင်းဂိုး ရရှိမှု နည်းပါးနေခြင်း ကိုလည်း အဆုံးသတ် နိုင်ခဲ့ပါတယ် ။
ဒါ့အပြင် ချန်ပီယံ ပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းက နော်တင်ဟမ်ဖောရက်စ် ကို အနိုင်ရအောင် မကစား နိုင်တာကြောင့် အာဆင်နယ် အသင်း အမှတ်ပေး ဇယား ထိပ်ဆုံးကနေ မန်စီးတီးကို ၂ မှတ် ဖြတ်ပြီး ပြန်လည် ဦးဆောင် နိုင်ခဲ့ပါတယ် ။

ဒါတင်မကသေးပါဘူး ၊ ၂၀၂၃ ခုနှစ် အတွင်း သွင်းဂိုး လုံးဝ မရသေးတဲ့ မာတင်နယ်လီ တစ်ယောက် ဂိုးပြန် ရခဲ့သလို ဇင်ချန်ကို ကလည်း အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး ဂိုးကို သွင်းနိုင်ခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ကလည်း သူဟာ လာခြင်းကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း သူ့ရဲ့အဝေးကန်ချက် နဲ့ ပြသနိုင်ခဲ့ပါတယ် ။
အာဆင်နယ် အသင်းရဲ့ နိုင်ပွဲ မှာ ချီးကျူးစရာတွေ များပေမယ့် ကြံဖန်ဝေဖန်လိုက်တဲ့သူကလည်း ရှိနေပြန်ပါတယ် ၊ သူကတော့ အက်စတွန်ဗီလာ အသင်း တိုက်စစ်မှူးဟောင်း အဘွန်လဟော် ပါ ၊ အဘွန်လဟော် က အာဆင်နယ် အသင်း နိုင်ပွဲ နဲ့ ထိုက်တန်ပေမယ့် သူ သဘောမကျတဲ့ အရာတစ်ခု ရှိကြောင်း talkSPORT မှာ ပြောကြာ သွားခဲ့ပါတယ် ။

” အာဆင်နယ် အသင်း က ထိုက်ထိုက်တန်တန် အနိုင် ရသွားခဲ့တာပါ ၊ ဒါပေမယ့် ပွဲအတွင်း ကျနော် သိပ်သဘောမတွေ့တဲ့ အရာလေးတွေတော့ ရှိပါတယ် ၊ အဲ့ဒါ ကတော့ မာတင်နယ်လီ နဲ့ သက်ဆိုင်တဲ့ ဖြစ်ရပ်ပါ ၊ မာတင်နယ်လီ က ဂိုးမဝင်ခင်ကတည်းက ကြိုပြီး အောင်ပွဲ ခံနေခဲ့ပါတယ် ။ ”
” တကယ်ဆို သူ အာဆင်နယ် အသင်းအတွက် ခြေစွမ်းမပြနိုင် ဖြစ်နေတာ လနဲ့ချီ ကြာနေပါပြီ ။ သူ့ရဲ့ အောင်ပွဲခံမှု က ပြိုင်ဘက် အသင်း အပေါ် လေးစားမှု မရှိတာပါပဲ ၊ ကျနော် ကတော့ သဘောမကျပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
မာတင်နယ်လီ ဟာ အက်စတွန်ဗီလာ အသင်း နဲ့ ပွဲမှာ ပွဲထွက် ကစားခွင့် မရခဲ့ဘဲ ဒုတိယပိုင်း ရောက်မှ ထရောဆက်ဒ် နေရာ လူစားဝင် ကစားခွင့် ရရှိခဲ့တာပါ ။ မာတင်နယ်လီ ဝင်လာချိန်မှာ အာဆင်နယ် အသင်း ရဲ့ တိုက်စစ် ဟာ ပိုမို အသက်ဝင်လာခဲ့ပြီး အသင်း အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကိုလည်း ဗီအဲရာ ရဲ့ဖန်တီးပေးပို့မှုကနေ သွင်းယူ နိုင်ခဲ့ပါတယ် ။






