Monday, February 9, 2026
spot_img
spot_img

ဂယ်ရီလိုင်နီကာအား ရာထူးမှ ရပ်ဆိုင်းထားခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ နည်းပြများနှင့် ကစားသမားများက BBC ၏ MOTD အစီအစဉ်အတွက် အင်တာဗျူးဖြေကြားရန် ငြင်းဆန်

အသက် ၆၂ နှစ်ရှိပြီဖြစ်သည့် လက်စတာ၊ အဲဗာတန်၊ ဘာစီလိုနာ၊ စပါးနှင့် နာဂိုယာဂရမ်းပက်စ်အသင်း တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာသည် ဗြိတိန်အစိုးရ၏ ရွှေ့ပြောင်းအခြေချသူများအတွက် ခိုလှုံခွင့်ဆိုင်ရာမူဝါဒကို Twitter တွင် ဝေဖန်ရေးသားခဲ့သောကြောင့် MOTD အစီအစဉ်မှ ဖယ်ရှားခံရခြင်းဖြစ်သည်။

လိုင်နီကာက အစီအစဉ်သစ်ထုတ်ပြန်မှုအတွက် အစိုးရက အသုံးပြုထားသည့်ဘာသာစကားမှာ ၁၉၃၀ ပြည့်လွန်နှစ်များက ဂျာမနီတို့၏ အသုံးအနှုန်းနှင့် ကွဲပြားခြားနားမှုမရှိကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။

BBC သတင်းဌာနက လိုင်နီကာ၏ ရေးသားမှုမှာ မိမိတို့လမ်းညွှန်ချက်ကို ဖောက်ဖျက်ခြင်းဖြစ်သောကြောင့် လူမှုမီဒီယာအသုံးပြုမှုနှင့်ပတ်သက်၍ သဘောတူညီမှုမရမချင်း Match of the Dat အစီအစဉ်တွင် ပါဝင်တင်ဆက်ခြင်းမပြုစေရန် ဆုံးဖြတ်ထားကြောင်း သောကြာနေ့တွင် ကြေညာခဲ့သည်။

BBC ၏ အရေးယူမှုအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိပြီး အဆိုပါအစီအစဉ်၏ ဘောလုံးဝေဖန်သူများဖြစ်သည့် အီယန်ရိုက်၊ အလန်ရှီးယား၊ မီကာရစ်ချက်နှင့် ဂျာမိန်းဂျီးနပ်စ်တို့က MOTD အစီအစဉ်တွင် ပါဝင်တင်ဆက်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး အစီအစဉ်ကြေညာသူများကလည်း ပါဝင်တင်ဆက်ရန် သင့်လျော်သည်ဟု မခံစားရကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် BBC အနေဖြင့် စနေနေ့တွင် ထုတ်လွှင့်နေကျဖြစ်သည့် MOTD အစီအစဉ်ကို အစီအစဉ်တင်ဆက်သူ၊ ဘောလုံးဝေဖန်သူနှင့် အစီအစဉ်ကြေညာသူများမပါဝင်ဘဲ ထုတ်လွှင်ခဲ့ရသည်။

ထို့ပြင် စနေနေ့တွင် ယှဉ်ပြိုင်ကစားသည့် ကလပ်အသင်း ၁၂ သင်း၏ နည်းပြများနှင့် ကစားသမားများကလည်း ပွဲအပြီးတွင် MOTD အစီအစဉ်အတွက် အင်တာဗျူးဖြေကြားရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ကလပ်အသင်းများ၏ ကစားသမားများစွာက လိုင်နီကာအပြင် MOTD ဘောလုံးဝေဖန်သူများနှင့်အတူ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသလိုသဖြင့် ပွဲပြီးအင်တာဗျူးအစီအစဉ်ကို သပိတ်မှောက်လိုကြောင်း ဆက်သွယ်ပြောကြားလာသည်ဟု ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ်(PFA) က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကလည်း ကလပ်အသင်းများအနေဖြင့် MOTD အစီအစဉ်အတွက် ပွဲပြီးအင်တာဗျူးပြုလုပ်ရန် တောင်းဆိုခံရမည်မဟုတ်ကြောင်း PFA နှင့် LMA (လိဂ်မန်နေဂျာများအဖွဲ့ချုပ်) မှတစ်ဆင့် အသိပေးကြေညာခဲ့သည်။

ဂယ်ရီလိုင်နီကာသည် အင်္ဂလန်လက်ရွေးစင်အဖြစ် ၁၉၈၄ မှ ၁၉၉၂ ခုနှစ်အထိ ပွဲ ၈၀ ကစား၊ ၄၈ ဂိုးသွင်းယူခဲ့ပြီး သမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားစာရင်းတွင် အဆင့် ၄ နေရာ ရပ်တည်လျက်ရှိသည်။

၎င်းသည် လက်စတာ၊ အဲဗာတန်၊ ဘာစီလိုနာ၊ စပါးအသင်း တို့နှင့် ဆုဖလားအောင်မြင်မှုများရရှိခဲ့သလို PFA အကောင်းဆုံးကစားသမားဆု တစ်ကြိမ် (၁၉၈၅-၁၉၈၆)၊ FWA အကောင်းဆုံးကစားသမားဆု နှစ်ကြိမ် (၁၉၈၅-၁၉၈၆၊ ၁၉၉၁- ၁၉၉၂)၊ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုတစ်ကြိမ် (၁၉၉၀) ရရှိခဲ့သူဖြစ်သည်။

လိုင်နီကာသည် ကစားသမားဘဝမှ အနားယူပြီးနောက် BBC သတင်းဌာနတွင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး MOTD အစီအစဉ်တွင် ၁၉၉၉ ခုနှစ်ကတည်းက စတင်ပါဝင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments