Saturday, October 18, 2025
spot_img
spot_img

ချဲလ်ဆီး ပစ်မှတ် ကြယ်ပွင့်ဟာ ကမ္ဘာ့ ဘောလုံးစကေး အကြွယ်ဆုံး ကစားသမား တဦး ဖြစ်ကြောင်း ချီးကျူးသွားတဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ လတ်တလောမှာ ဒေါင်ဒေါင်မြည် ကွင်းလယ်လူသစ် တဦး ဖြည့်တင်းနိုင်ဖို့ အာရုံစိုက်နေပေမယ့် ၊ တချို့သော လူငယ် ကြယ်ပွင့် ကစားသမားတွေကိုလည်း ကင်းထောက် စောင့်ကြည့်မှုတွေ လုပ်နေပါတယ် ။

လိုင်ယွန် လူငယ် တောင်ပံကစားသမား ရာယန် ချာကီကို ချဲလ်ဆီးတို့ အမှန်တကယ် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းဟာ ယခုရက်ပိုင်းမှာ ပိုပြီး ကျယ်ပြန့်လာပါတယ် ။ သို့ပေမယ့် လိုင်ယွန်ဖက်ကတော့ ယင်းဆယ်ကျော်သက် ပြင်သစ်စတားကို အတတ်နိုင်ဆုံး ဆက်လက် ထိန်းသိမ်းဖို့ ကြိုးစားနေပါတယ် ။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ချာကီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်ယွန်ရဲ့ အဓိက တိုက်စစ်ကစားသမား တဦး ဖြစ်လာခဲ့ကာ ၊ လီဂူးဝမ်း ၃၄ပွဲမှာ ၄ဂိုးသွင်း ၊ ၆ဂိုး ဖန်တီးနိုင်ခဲ့သလို ၊ မကြာသေးခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ ယူ၂၁ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း ပြင်သစ် ယူ၂၁ အသင်း အတွက် ၂ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီးဟာ မနေ့ကပဲ အမေရိကန် လက်ရွေးစင် တောင်ပံကစားသမား ခရစ်တီယန် ပူလီဆစ်ကို အေစီမီလန်ထံသို့ ပေါင် ၂၅သန်းနဲ့ တရားဝင် ထုတ်ရောင်းခဲ့ပြီး ၊ အကယ်ဒမီ လူငယ် တောင်ပံကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်းကလည်း အသင်းက ထွက်ခွာခွင့် တောင်းခံထားသလို ၊ အယ်နာဆာနဲ့ ဆေးစစ်မှု မအောင်မြင်ခဲ့တဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံကစားသမား ဟာကင် ဇီယက်ခ်ျဟာလည်း နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်နေပါဘူး ။

လက်တွေ့မှာ ချဲလ်ဆီးဟာ တောင်ပံကစားသမား ၃ဦးတည်းနဲ့ လာမယ့် ရာသီသစ်ကို စတင်ရဖွယ် ရှိနေပေမယ့် ၊ ချာကီဟာ ၄င်းတို့ အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှု ပစ်မှတ် တရပ် ဆိုတာ သံသယဝင်စရာ ရှိမနေပါဘူး ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်ကတော့ ယင်းပြင်သစ်ယူ၂၁ ကြယ်ပွင့်ဟာ လက်ရှိ ကမ္ဘာ့ ဘောလုံးစကေး အကြွယ်ဆုံး ကစားသမား စာရင်းဝင် ဖြစ်ကြောင်း ချီးကျူးခဲ့ပေမယ့် ၊ ၄င်းဟာ ချဲလ်ဆီးဖက်က လက်ရှိ လိုအပ်နေတဲ့ profile မျိုးနဲ့ ကိုက်ညီမှု ရှိမှာ မဟုတ်ဘူးလို့ သုံးသပ်သွားပါတယ် ။

ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ လီဘို့ဖ် က ” ဘောလုံးစကေး ရှုထောင့်အရဆိုရင်တော့ သူဟာ ကမ္ဘာ့ အကောင်းဆုံးတွေထဲက တဦး ဖြစ်ပါတယ် ။ သူဟာ အသက် ၁၉နှစ်နဲ့တင် မယုံနိုင်ဖွယ်ကောင်းလောက်အောင် ခြေစွမ်းပြနေပါတယ် ။ ဒီကောင်လေးဟာ အရာရာ လုပ်ပြနိုင်ပါတယ် ။ ”

” ဒါပေမယ့် သူဟာ အသက်ငယ်သေးသလို ၊ နောက်ထပ် တိုးတက်နိုင်တဲ့ အရာတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ် ။ ဘောလုံးကို ဘယ်အချိန်မှာ ရှင်းထုတ်ရမလဲ ဆိုတာ သူ သင်ယူဖို့ လိုပါတယ် ။ ဘောလုံးရှင်းထုတ်တဲ့ နေရာမှာ သူဟာ အမြဲတမ်း စက္ကန့်လောက် နောက်ကျတာ ၊ ဒါမှမဟုတ် ၊ စက္ကန့်ဝက်လောက် စောနေတတ်ပါတယ် ။ ”

” ဒါက သူ သင်ယူလေ့လာရမယ့် ရစ်သမ် အပိုင်း ဖြစ်ပါတယ် ။ ရှေ့ဆက် သူ တိုးတက်လာလိမ့်မယ် ဆိုတာ ကျွန်တော် ယုံမှားသံသယမရှိပါဘူး ။ သူ ဒီထက် ပိုကောင်းလာမယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူ့ကို ခေါ်တာက ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု တရပ် ဖြစ်စေနိုင်ပါလိမ့်မယ် ။ ”

” ဒါပေမယ့် သူဟာ အခုလက်ရှိမှာ ချဲလ်ဆီး အသင်း လိုအပ်နေတဲ့ ကစားသမား ဖြစ်နေလား ဆိုတာ ကျွန်တော့ဖက်က တပ်အပ် မပြောနိုင်ပါဘူး ။ သူတို့ဟာ အတွေ့အကြုံရှိ ကစားသမားတွေ လိုအပ်နေပါတယ် ။ အနာဂတ် အတွက် ကစားသမားတွေ လိုနေတာ မဟုတ်ပါဘူး ။ အခုချက်ချင်း သုံးလို့ရမယ့် ကစားသမားတွေကို လိုနေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments