Monday, October 27, 2025
spot_img
spot_img

ချဲလ်ဆီးတို့ မေဆင်မောင့်ကို မန်ယူနိုက်တက်သို့ ထုတ်ရောင်းဖို့ သဘောတူခဲ့ပြီးနောက် ပိုချက်တီနိုထံ သတိပေးစကား ဆိုလာတဲ့ ရီယို ဖာဒီနန်

ချဲလ်ဆီး အသင်းဟာ ရာသီကြို ပြင်ဆင်မှု မစတင်မီ အနာဂတ် မသေချာနေတဲ့ ကစားသမား အမြောက်အမြား ရှင်းထုတ်ဖို့ လုပ်ဆောင်နေရာ ၊ အန်ဂိုလို ကန်တေ ၊ ကာလီဒူ ကူလီဘာလီ ၊ မတ်တီယို ကိုဗာဆစ် ၊ အက်ဒွာ့ဒ် မန်ဒီနဲ့ ကိုင်ဟာဗက်ဇ်တို့ကို တရားဝင် ရောင်းချပြီးစီးခဲ့ပြီ ဖြစ်ပါတယ် ။

တရားဝင် မဖြစ်သေးပေမယ့် ရောင်းချဖို့ သဘောတူညီထားပြီး ဖြစ်တဲ့ ကစားသမား တချို့လည်း ရှိနေရာ ၊ မနေ့ကတော့ ချဲလ်ဆီးဟာ ကော့ဘ်ဟမ်း အကယ်ဒမီထွက် အင်္ဂလန် ကွင်းလယ်လူ မေဆင်မောင့်ကို မန်ချက်စတာ ယူနိုက်တက်ထံသို့ ပေါင် ၅၅သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ ထုတ်ရောင်းဖို့ သဘောတူညီမှု ရခဲ့ပါတယ် ။

ဒီတော့ မောင့် အပါအဝင် ၄င်းလိုပဲ ကော့ဘ်ဟမ်း အကယ်ဒမီထွက် ဖြစ်တဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံကစားသမား ဟာကင် ဇီယက်ခ်ျတို့ဟာလည်း နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနို အလုပ်စလုပ်တဲ့အခါ အသင်းကနေ အသီးသီး ထွက်ခွာကြတော့မှာ ဖြစ်ပါတယ် ။

ကစားသမား ၈ဦး အထိ ရှင်းထားပြီး ဖြစ်တဲ့ ချဲလ်ဆီးဟာ နောက်ထပ် ရှင်းရဦးမယ့် ကစားသမား အချို့ ကျန်နေသေးလို့ ၊ ဒါတွေကို ကစားသမားသစ် အနည်းငယ် ထပ်ဖြည့်မယ့် ကိစ္စတွေနဲ့ ပူးပေါင်း လုပ်ဆောင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ် ။ လောလောဆယ်မှာတော့ ချဲလ်ဆီးဟာ အီကွေဒေါ လက်ရွေးစင် ဘရိုက်တန် ကြယ်ပွင့် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒိုကို ပေါင်သန်း ၈၀နဲ့ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ် ။

မန်ယူနိုက်တက် ဂန္တဝင် ခံစစ်မှူး ရီယို ဖာဒီနန်ကတော့ လက်ရှိ ပထမအသင်းမှာ ကော်နာ ဂေါ်လဂါ ၊ အန်ဇို ဖာနန်ဒက်ဇ်တို့ပဲ ကျန်တော့တဲ့ ချဲလ်ဆီး ကွင်းလယ် အင်အားနဲ့ ပတ်သက်ပြီး ပိုချက်တီနိုထံ အခုလိုပဲ သတိပေးစကား ဆိုသွားပါတယ် ။

FIVE YouTube ချန်နယ်မှာ ဖာဒီနန် က ” ချဲလ်ဆီးရဲ့ ကွင်းလယ်ကို ခင်ဗျားတို့ ကြည့်ကြပါ ။ ပြီးခဲ့တဲ့ ရာသီတုန်းက ဂျော်ဂျင်ဟို ထွက်သွားခဲ့ပါတယ် ။ အခုဆို ကန်တေနဲ့ ကိုဗာဆစ်က အသင်းပြောင်းသွားပါပြီ ။ မောင့်နဲ့ လော့ဖ်တပ်စ်ချိခ်တို့ကလည်း အသင်းပြောင်းဖို့ ပြင်နေပါပြီ ။ ဒီမှာပဲ ကွင်းလယ်လူ ၅ယောက် ရှိပါပြီ ။ ”

” အဲဒီထဲ ၂ယောက် ၊ ၃ယောက်လောက်က ပွဲထွက် ကစားပေးနိုင်တဲ့ ကစားသမားတွေပါ ။ လောလောဆယ် သူတို့ဆီမှာ ဒေါင်ဒေါင်မြည် ကွင်းလယ်လူတွေ ရှိမနေပါဘူး ။ သူတို့ရဲ့ တောင်ပံ ၊ အစွန် နေရာတွေမှာ ကစားသမား ၈ယောက် ၊ ၉ယောက်လောက် ရှိနေပေမယ့် ၊ အသင်းက ဟန်ချက် မညီမျှနေပါဘူး ။ ”

” သူတို့ဟာ ကွင်းလယ်လူ တချို့ ပက်ပက်စက်စက် လိုအပ်နေပါတယ် ။ သူတို့ ဘယ်လို အကွက်ရွှေ့မလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ် ။ ဘာလို့လဲဆိုတော့ ပေါင်သန်း ၁၀၀ကျော် ပေးပြီး ခေါ်ထားတဲ့ အန်ဇိုနဲ့ တွဲဖက်မယ့် ကွင်းလယ်လူသစ် တဦးဦး ထပ်ဖြည့်ဖို့ လိုနေလို့ပါ ။ ”

” ချဲလ်ဆီးဟာ ဒီကစားသမားတွေကို အနာဂတ် အတွက် ရည်ရွယ်ပြီး ခေါ်တာလား ? ဘာလို့လဲဆိုတော့ သူတို့ဟာ အတွေ့အကြုံရင့် ကစားသမား အမြောက်အမြား ထုတ်ရောင်းထားပြီး ၊ အလားအလာကောင်းတဲ့ လူငယ်တွေကို ခေါ်ဖြည့်နေတဲ့ပုံ ပေါ်လို့ပါ ။ သူတို့ အတွက် အချိန်လိုပါတယ် ။ “

” သူတို့မှာ ကြီးမားတဲ့ အလားအလာကောင်းတွေ ရှိနေပေမယ့် ၊ ချဲလ်ဆီးက ခုချက်ချင်း သုံးမယ့် ကစားသမားတွေကိုလည်း လိုအပ်နေပါတယ် ။ ဒါက သူတို့ရဲ့ လူဝယ်တဲ့ ပေါ်လစီ ပြောင်းသွားတာလား ? ဒီအပြောင်းအရွှေ့ ကာလ အပြီး ချဲလ်ဆီးတို့ ဘယ်လို ပုံဖော်မလဲ ဆိုတာ အမှန်တကယ် စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။ ချဲလ်ဆီး ပရိသတ်တွေကတော့ စိတ်ရှည်ဖို့ လိုကောင်းလိုနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments