ချဲလ်ဆီး အသင်းဟာ လာမယ့် ဘောလုံးရာသီ အတွက် မန်နေဂျာသစ် တဦး ရှာဖွေနေရင်း ၊ ယခုနှစ် လက်ကျန် ဘောလုံးရာသီကို ဖြတ်သန်းရာမှာ ၊ ယာယီ ခဏတာ ထိန်းသိမ်းဖို့ caretaker မန်နေဂျာ အဖြစ် ကလပ် ဂန္တဝင် ကွင်းလယ်လူဟောင်း ဖရန့် လမ်းပတ်ကို ကမ်းလှမ်းခဲ့ရာ ၊ ၄င်းဖက်ကလည်း ယင်းကမ်းလှမ်းမှုကို မဆိုင်းမတွ လက်ခံခဲ့ပါတယ် ။
ပြီးခဲ့တဲ့ စနေနေ့က အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ၀ – ၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ခန့်ထားတာ ၇လသာ ကြာသေးတဲ့ နည်းပြ ဂရေဟမ် ပေါ်တာကို ရာထူးကနေ တရားဝင် ဖယ်ရှားပြီးနောက် ၊ နည်းပြသစ် ရှာမတွေ့ခင် အချိန်အထိ လက်ထောက် နည်းပြ တဦး ဖြစ်တဲ့ ဘရူနို ဆော်လ်တာကို ချဲလ်ဆီးတို့ ယာယီ တာဝန်ပေးခဲ့ပါတယ် ။

ဒီအတွက်ကြောင့် ဆော်လ်တာဟာ လီဗာပူးနဲ့ ပွဲကို ခဏတာ ထိန်းတဲ့ အနေနဲ့ တာဝန်ယူပေးခဲ့ပြီး ၊ အခုအခါမှာတော့ caretaker မန်နေဂျာ လမ်းပတ် ဝင်လာတော့မှာ ဖြစ်လို့ ၊ သူ့ရဲ့ ကိုယ်ပိုင် နည်းပြ အဖွဲ့ အတွက် နေရာဖယ်ပေးရတော့မှာ ဖြစ်ပါတယ် ။
လမ်းပတ်ဟာ ၂၀၁၉ transfer ban ကာလတုန်းက ဒုက္ခရောက်ခဲ့တဲ့ အသင်းဟောင်း ချဲလ်ဆီးကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် စွမ်းဆောင်ပေးခဲ့ပြီး ၊ အခုတခါမှာလည်း Top 4 မျှော်လင့်ချက် မရှိသလောက် ဖြစ်နေတဲ့ ချဲလ်ဆီးကို တင်ကျန်နေသေးတဲ့ တခုတည်းသော ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘာတွေ စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
လီဗာပူး ကွင်းလယ်လူဟောင်းလည်းဖြစ် ၊ လမ်းပတ်ရဲ့ ဝမ်းကွဲညီ ဖြစ်တဲ့ ဂျေမီ ရက်ဒ်နပ်ကတော့ ချဲလ်ဆီး အကြောင်း အားလုံးထက် ပိုသိတဲ့ ၄င်းရဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူကို ယာယီနည်းပြ တာဝန်ပေးတာဟာ စဉ်းစားစရာတောင် မလိုတဲ့ ကိစ္စ ဖြစ်ကြောင်း အခုလို မှတ်ချက်ပေးသွားပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ရက်ဒ်နပ် က ” မနေ့ညကပွဲမှာ ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ် ။ ပရိသတ်ထုကြားထဲမှာ သူ့ကို မြင်ရတော့ သူဟာ ဒီပွဲဆီ ပေါ့ပေါ့ပါးပါး သောက်စား ပျော်ပါးဖို့လောက် ရောက်လာတဲ့ ပုံစံမျိုး မပေါက်ခဲ့ပါဘူး ။ အဲဒီပွဲကို သူဟာ လေးလေးနက်နက်နဲ့ကို ကြည့်ရှုခဲ့တာပါ ။ ”
” အဲဒီမှာ ကျွန်တော်ကလည်း ဖရန့်ဟာ ချဲလ်ဆီး အတွက် ယာယီနည်းပြ ရွေးချယ်စရာ တရပ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ တွေးခဲ့မိပါတယ် ။ ဘာလို့လဲဆိုတော့ ဒီရာထူးကို ဆက်ခံမယ့် မန်နေဂျာ အများကြီး မရှိနေလို့ပါ ။ အပြင်မှာ ပြောနေကြတဲ့ မန်နေဂျာ နည်းနည်းပါးပါးတော့ ရှိတာပေါ့ ။ ”
” ဟုတ်ပါတယ် ။ နာဂယ်စ်မန်းက ချဲလ်ဆီး မန်နေဂျာသစ် ရာထူး အတွက် ရေပန်းစားနေတဲ့ အထဲ ပါနေတာ မှန်ပေမယ့် ၊ သူ့ကို ကြည့်ရတာ နားချိန် လိုနေတဲ့ပုံပါပဲ ။ ဒီတော့ ပိုင်ရှင်တွေ အတွက် ဖရန့်ကို ယာယီ အခွင့်အရေး တရပ် ပေးလိုက်ခြင်းဟာ နောက်လာမယ့် နည်းပြသစ် မတိုင်မီ အသက်ရှူပေါက် နည်းနည်းပါးပါး ရရာရောက်ပါတယ် ။ ”

” ဖရန့်မှာ ချဲလ်ဆီးနဲ့ မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေ ကျန်နေပါသေးတယ် ။ သူဟာ ဒီကလပ်ကို ချစ်ပြီး ၊ ဘယ်သူကမှ သူ့ထက် ဒီကလပ်ကို ပိုပြီး ဂရုမစိုက်နိုင်တော့သလို ၊ ဘယ်သူကမှ သူ့ထက် ဒီကလပ်အကြောင်း ပိုမသိတော့ပါဘူး ။ ချဲလ်ဆီးဖက်က လက်ကျန် ရာသီ အတွက် သူ့ကို ချဉ်းကပ်ပြီး ၊ သူကလည်း ဒီအလုပ်ကို လက်ခံတယ်ဆိုရင် ဒါက စဉ်းစားစရာတောင် မလိုတဲ့ ကိစ္စ ဖြစ်သွားပါပြီ ။ ”
” အခု လက်ရှိမှာ ကစားသမားတွေဟာ ရလဒ်ကောင်းတွေ မပိုင်ဆိုင်ထားသလို ၊ ဂိုးတွေလည်း အများကြီး မသွင်းထားနိုင်ပါဘူး ။ ဒါပေမယ့် ဒီကလပ်မှာ တကယ်ကောင်းတဲ့ အလားအလာတွေ ရှိနေတယ် ဆိုတာ ခင်ဗျားတို့ မြင်တွေ့နိုင်သလို ၊ သူတို့ဟာ မကြာခင်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားဖို့ ရှိနေပါသေးတယ် ။ ”
” လူတွေကတော့ သူတို့ အတွက် ချန်ပီယံလိဂ်ဖလားက မဖြစ်နိုင်တော့ဘူးလို့ ပြောနေကြပါတယ် ။ ဒါပေမယ့် ရော်ဘတ်တို ဒီမတ်တီယိုက ဒါကို လုပ်ပြခဲ့ဖူးပါတယ် ။ သူဟာလည်း ယာယီနည်းပြ အဖြစ်နဲ့ပဲ ချန်ပီယံလိဂ်ဖလား ရခဲ့တာပါ ။ ထူးဆန်းတဲ့ အရာတွေက ဘောလုံးမှာ ဖြစ်ကိုဖြစ်ပြီးသားပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။






