ရီးယဲလ်မက်ဒရစ် အသင်းရဲ့ကြယ်ပွင့် ဘယ်လင်ဂမ် က ဒီနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာ အသင်းဟောင်း ဒေါ့မွန် အသင်း နဲ့ ပြန်လည် ရင်ဆိုင် ကစားရချိန်မှာ ခံစားချက်တွေကို ဘေးဖယ် ထားမှာ ဖြစ်ပြီး အနိုင်ရဖို့ကိုပဲ အာရုံစိုက်သွားမယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။
အင်္ဂလန် လက်ရွေးစင် ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဒေါ့မွန် အသင်း ကနေ ရီးယဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၁၀၃ သန်း နဲ့ ပြောင်းရွှေ့လာခဲ့သူပါ ။ ဘယ်လင်ဂမ် ဟာ သူ့ရဲ့ ပထမဆုံး ရာသီမှာတင် အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည် နိုင်ခဲ့ပြီး လာလီဂါ နှင့် စူပါဖလား ချန်ပီယံဆုကို ရယူ ထားနိုင်ပါတယ် ။

ဒါ့အပြင် ဘယ်လင်ဂမ် ဟာ ရီးယဲလ်မက်ဒရစ် အသင်း နဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ် တက်ရောက် ထားနိုင်ပြီး သူ့ရဲ့ အသင်းဟောင်း ဒေါ့မွန် အသင်း နဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်ပါတယ် ။ ဘယ်လင်ဂမ် က ဒေါ့မွန် နဲ့ ကစားရမယ့် ပွဲ အပေါ် ” ကျနော့်အတွက် စပါယ်ရှယ် ပွဲတစ်ပွဲပါပဲ ။ ဒါပေမဲ့ ခံစားချက်တွေကို ဘေးဖယ် ထားပြီး ကစားသွားမှာပါ ။ ”
” ဒီရာသီ က ကျနော်တို့ အတွက် တကယ့်ကို ထူးခြား ကောင်းမွန်ခဲ့တဲ့ ဘောလုံး ရာသီ တစ်ခုပါ ။ ရီးယဲလ် က ကျနော့်ကို ကောင်းကောင်းမွန်မွန် ကြိုဆိုသလို သူတို့နဲ့ အတူ တွဲ ကစားရတာကို ကျနော် အတော်လေး နှစ်သက် သဘောကျပါတယ် ။ ”
” ဝန်ထမ်းတွေက သေချာပေါက် ဒေါ့မွန် အသင်းကို ရာနှုန်းပြည့် လေ့လာ ဆန်းစစ် ထားမှာပါ ။ ကျနော် သူတို့ကို ယုံကြည်ပါတယ် ။ ဒီအသင်းကို ရောက်လာတဲ့ အဓိက အကြောင်းအရင်းက ချန်ပီယံလိဂ် ရယူဖို့ပါ ၊ ဒီအသင်းမှာ ကစားဖို့ ကျနော် အမြဲ အိပ်မက် မက်ထားခဲ့တာပါ ၊ ဒီ အသင်းက ချန်ပီယံလိဂ် နှင့် ချိတ်ဆက်မှု ရှိနေတဲ့ အသင်းပါ ၊ အသင်းရဲ့ သမိုင်းကြောင်း တစ်စိတ်တစ်ပိုင်း အဖြစ် ကျနော် ပါဝင် ချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






