မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် လိုက်ပ်ဇစ်နှင့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတွင် သွင်းဂိုး (၄၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် မန်စီးတီး (၃-၂) လိုက်ပ်ဇစ်ပွဲ၌ ဟာလန်းသည် ပွဲချိန် (၅၄) မိနစ်တွင် မန်စီးတီးအသင်းအတွက် ပထမဆုံး ချေပဂိုးကို သွင်းယူပေးခဲ့သည်။
ယင်းဂိုးမှာ ဟာလန်းအတွက် ကစားသမားဘဝတစ်လျှောက် (၄၀)မြောက် ချန်ပီယံလိဂ် သွင်းဂိုးဖြစ်ခဲ့ပြီး ယင်းသွင်းဂိုး (၄၀)ရရှိရန် (၃၅) ပွဲသာ ကစားခဲ့ရကြောင်း သိရှိရသည်။

ထို့ကြောင့် ဟာလန်းသည် မန်ယူနှင့် ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း နစ္စတယ်လ်ရွိုင်းကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်သွင်းဂိုး (၄၀) အမြန်ဆုံးပြည့်မြောက်သူအဖြစ်စံချိန် သစ်တင်ခဲ့ခြင်းဖြစ်သည်။
နစ္စတယ်လ်ရွိုင်းသည် ချန်ပီယံလိဂ်သွင်းဂိုး (၄၀)အမြန်ဆုံးပြည့်မြောက်သူအဖြစ် (၄၅) ပွဲဖြင့် စံချိန်တင်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဟာလန်းက ၎င်းထက် (၁၀)ပွဲ လျှော့နည်းကာ စံချိန်မှတ်တမ်းသစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။
ဟာလန်းသည် ၎င်း၏ ချန်ပီယံလိဂ်သွင်းဂိုး (၄၀)ကို ဆာလ်ဇ်ဘာ့ဂ်အသင်း (၇ ပွဲ၊ ၈ ဂိုး)၊ ဒေါ့မွန်အသင်း (၁၃ ပွဲ၊ ၁၅ ဂိုး) နှင့် မန်စီးတီးအသင်း (၁၆ ပွဲ၊ ၁၇ ဂိုး) တို့တွင် သွင်းယူထားခြင်းဖြစ်သည်။






