ရိုးမားနှင့် ဂျူဗင်တပ်စ်အသင်းတို့၏ဂန္ထဝင်ကစားသမားဖြစ်သူ ဇီဘီဘိုနစ်ခ်က မီလန်မြို့ခံအသင်းများအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရေပန်းစားနေသည့် မန်စီးတီးနှင့် ရီးယဲလ်မက်ဒရစ်တို့ကိုကျော်ကာ ဗိုလ်စွဲနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်နှင့် မန်စီးတီး၊ အေစီမီလန်နှင့် အင်တာမီလန်တို့ ထိပ်တိုက်တွေ့ဆုံနေသည်။
ထို့ကြောင့် မီလန်မြို့ခံအသင်းတစ်သင်းအနေဖြင့် ဗိုလ်လုပွဲတက်ရန် သေချာသွားပြီဖြစ်သည်။

သို့သော် ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်-မန်စီးတီးပွဲမှ အနိုင်ရသည့်အသင်းကသာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်လိမ့်မည်ဟု ဘောလုံးကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
ဘိုနစ်ခ်ကမူ ”မန်စီးတီး ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ်နဲ့ ကစားရမယ်ဆိုရင် မီလန်မြို့ခံအသင်းတွေက အောက်အသင်းတွေဖြစ်မှာ သေချာပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မီလန်မြို့ခံအသင်းတွေ ရှုံးမယ်လို့ ဘယ်သူမှ သေချာပေါက် မပြောနိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘိုနစ်ခ်က ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဂျူဗင်တပ်စ်နှင့် ရိုးမားတို့ ဆီမီးဖိုင်နယ်တက်ရောက်ထားပြီး ယူရိုပါကွန်းဖရန့်လိဂ်တွင် ဖီအိုရင်တီးနား ဆီမီးဖိုင်နယ် ရောက်နေသဖြင့် အီတလီဘောလုံးလောကတိုးတက်လာပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။







