လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်က ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲမှ ၎င်း၏ အနီကတ်ပြစ်ဒဏ်အတွက် အသင်းနှင့်သက်ဆိုင်သူအားလုံးကို တောင်းပန်ခဲ့ပြီး ၎င်းအနေဖြင့် အမှားမှ သင်ယူသွားမည်ဖြစ်ပြီး ယင်းကဲ့သို့ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ဖြစ်လာမည်မဟုတ်ကြောင်း ကတိပေးပြောကြားခဲ့သည်။
သြဂုတ်လ (၁၅)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၁) ခရစ္စတယ်ပဲလေ့စ်ပွဲတွင် ဒါဝင်နူးနက်ဇ်သည် အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်ကစားသမားဘ၀ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ပွဲအတွင်း အကြမ်းဖက်မှုကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
လီဗာပူးလ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်းကို (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်နေသည့် ပွဲချိန် (၅၇) မိနစ်တွင် ဒါဝင်နူးနက်ဇ်သည် ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ အန်ဒါဆန်ကို ခေါင်းဖြင့်တိုက်ခဲ့သဖြင့် ကွင်းလယ်ဒိုင် တီယာနေးက ၎င်းကိုတိုက် ရိုက်အနီကတ်ဖြင့် ထုတ်ခဲ့ခြင်းဖြစ်သည်။
အန်ဒါဆန်သည် အဆိုပါပွဲစဉ်တစ်လျှောက်လုံး ဒါဝင်နူးနက်ဇ်ကို လူကပ်ကာဆွကစားခဲ့ပြီး နောက်ဆုံးတွင် ဒါဝင်နူးနက်ဇ်သည် စိတ်မထိန်းနိုင်ဘဲ အန်ဒါဆန်ကို ခေါင်းဖြင့်တိုက်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဒါဝင်နူးနက်ဇ်က ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် စိတ်လိုက်မာန်ပါလုပ်ခဲ့ခြင်းအတွက် တောင်းပန်ကြောင်း ၎င်း၏ Twitter တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်မှာ ရုပ်ဆိုးတဲ့ စိတ်နေစိတ်ထားရှိနေတာကို ကျွန်တော် သတိထားမိပါတယ်။ ကျွန်တော် ဒီ(လီဗာပူးလ်)ကိုလာတာ အမှားတွေကနေသင်ယူဖို့ပါ။ နောက်တစ်ကြိမ် ဒါမျိုးထပ်မဖြစ်စေရပါဘူး။ လီဗာပူးလ်နဲ့ သက်ဆိုင်သူအားလုံးကို တောင်းပန်ပါတယ်။ ကျွန်တော် ပြန်လာမှာပါ” ဟု ဒါဝင်နူးနက်ဇ်က ၎င်း၏ Twitter တွင် စပိန်ဘာသာစကားဖြင့် ရေးသားခဲ့သည်။
ဒါဝင်နူးနက်ဇ်သည် အဆိုပါအနီကတ်ပြစ်ဒဏ်ကြောင့် (၃) ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မည်ဖြစ်ပြီး မန်ယူ၊ ဘုန်းမောက်၊ နယူးကာဆယ်တို့နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်တော့မည်ဖြစ်သည်။
လီဗာပူးလ်တိုက်စစ်ပိုင်းတွင် ဂျိုတာနှင့် ဖေမီနိုတို့ ဒဏ်ရာရရှိနေသဖြင့် ဒါဝင်နူးနက်ဇ်၏ပွဲပယ်ပြစ်ဒဏ်မှာ ကလော့ပ်အတွက် ခေါင်းခဲစရာဖြစ်လာခဲ့သည်။






