Saturday, February 7, 2026
spot_img
spot_img

ခက်ခဲကြမ်းတမ်းတဲ့ နေ့ရက်တွေကို ဘယ်လိုရင်ဆိုင်ခဲ့ရသလဲဆိုတာနဲ့ စိတ်ပိုင်းဆိုင်ရာ က ဘောလုံးမှာ ဘယ်လောက်အရေးပါသလဲဆိုတာ ပြောပြခဲ့တဲ့ ရက်ဖိုဒ့်

ဖေဖော်ဝါရီ ၂၅ ၊ ၂၀၁၆ ခုနှစ် ။

၁၈ နှစ်သားလေး မားကပ်ရက်ဖိုဒ့် ဟာ မစ်ဂျေလန်း ဘက်ကို ၂ ဂိုးသွင်းပြီး သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် စီနီယာ ကစားသမား ဘဝကို စဖွင့်ခဲ့ ပါတယ် ။ လွန်ခဲ့တဲ့ ၇ နှစ် ရဲ့ ဒီနေ့လို နေ့မျိုးမှာပေါ့ ။

အဲ့ဒိနေ့ကစပြီး ၇ နှစ်ဆိုတဲ့ အချိန်ကာလ အတွင်းမှာ မားကပ် ရက်ဖိုဒ့် ဟာ အနိမ့်အမြင့် အတက်အကျ ပေါင်းစုံကို ဖြတ်သန်းရင်း ယူနိုက်တက်ရဲ့ အားထားရတဲ့ ကစားသမား တယောက် ဖြစ်လာခဲ့ ပါတယ် ။

၂၅ နှစ် အရွယ် အင်္ဂလန်သား ဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ပင်နယ်တီ လွဲပြီး အင်္ဂလန်အသင်း ကို ဖလားနဲ့ ဝေးစေခဲ့သူတွေ ထဲမှာ တယောက် အပါအဝင် ဖြစ်ခဲ့သူပါ ။

ယူရိုပါလိဂ် ဖိုင်နယ် ၊ ယူရို ဖိုင်နယ်တွေ မှာ ပင်နယ်တီ အဆုံးအဖြတ်တွေ နဲ့ ဆက်တိုက် ရှုံးနိမ့်ရမှု ၊ ပုခုံး ဒဏ်ရာ ခွဲစိတ်ကုသရမှုတွေကြောင့် ရက်ဖိုဒ့် ဟာ ၂၀၂၁-၂၂ ဘောလုံး ရာသီကို ဆိုးရွားတဲ့ မှတ်တမ်းတွေနဲ့ ဖြတ်သန်း ရုန်းကန် ခဲ့ရပါတယ် ။

အခု ရာသီ ( အထူးသဖြင့် ဒုတိယ ရာသီဝက် ) မှာတော့ ရက်ဖိုဒ့် တယောက် ဒါတွေကို အတိတ်မှာ ချန်ရစ် ထားနိုင်ခဲ့ ပါပြီ ။

ဒီရာသီမှာ ရက်ဖိုဒ့် ဟာ အသင်းအတွက် အထူးခြေစွမ်းပြ နေပြီး ကမ္ဘာ့ဖလား အလွန်မှာ ပုံစံကောင်း ရရှိ နေပါတယ် ။ သူ့ရဲ့ အောင်ပွဲခံပုံ ဟာလည်း ကမ္ဘာလုံးဆိုင်ရာ အမှတ်အသားတခု ဖြစ်လာခဲ့ ပါတယ် ။

“ဒီကိစ္စတွေကို ကျွန်တော် ဘယ်လို ဘယ်လောက် ရင်ဆိုင် ဖြေရှင်းခဲ့ရတယ်ဆိုတာ ကလပ်အပြင်ဘက်က လူတွေ သိနိုင်မယ် မထင်ပါဘူး ။ နေ့စဉ်နေ့တိုင်း က ကျွန်တော့ အတွက် ခက်ခဲခဲ့တာပါ ။ ကွင်းထဲမှာ တတ်နိုင် သလောက် အစွမ်းကုန် ကြိုးစားပေးမယ် ဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့လို့ အခုလို ပျော်ရွှင်မှုတွေ ပြန်ရလာခဲ့ တာပါ” လို့ မားကပ် ရက်ဖိုဒ့် က သူ့ရဲ့ ခက်ခဲတဲ့ နေ့တွေ အကြောင်း ဖွင့်ဟ ပြောပြခဲ့ ပါတယ် ။

“ဒဏ်ရာ ရလို့ မကစားရရင် ကျွန်တော် မပျော်ပါဘူး ။ ကျွန်တော် ခံနိုင်ရည် ရှိနေသေး သရွေ့တော့ ဆက်ကစားပြီး အသင်းကို ကူညီပေးဦး မှာပါ ။ ဒါပေမယ့် ဘယ်လိုမှ မဖြစ်တော့တဲ့ အနေအထားမှာတော့ ရပ်လိုက် ရတာပါပဲ ။ မနှစ်က ဖြစ်ခဲ့တဲ့ ပုခုံးကိစ္စက အဲ့ဒီပုံစံ အတိုင်း ဖြစ်ခဲ့တာပါ”

“အခု ရာသီပြန်စတဲ့ အထိ အရင်ပုံစံ ပြန်မရခဲ့ ပါဘူး ။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေ ကနေပဲ သင်ယူနိုင်သမျှ သင်ယူပြီး ပိုကောင်းအောင် လုပ်ဖို့ အားထုတ်ခဲ့ ပါတယ် ။ ဒီလို ကိစ္စမျိုး ထပ်ပြီး မဖြစ်ရလေအောင်ပေါ့”

“ဘောလုံးကစားတာရဲ့ ၉၅% လောက်က စိတ်ပိုင်းဆိုင်ရာ နဲ့ အများကြီး ပတ်သက်ပါတယ် ။ ကျွန်တော့ အတွက်တော့ ဒီ စိတ်ပိုင်းဆိုင်ရာက အရာအားလုံးပါပဲ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေရင် ဘာမဆို ဖြစ်လာနိုင်ပါတယ် ။ ဘောလုံး အရည်အသွေးကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ် ။ ဒါပေမယ့် သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းသွားတဲ့ သူတွေလည်း အများကြီးပါပဲ”

“စိတ်ဓါတ် ရဲ့ အတက်ဘက်ရော အကျဘက် ၂ မျိုးစလုံးကို ကျွန်တော် ခံစားခဲ့ပြီးပါပြီ ။ ဒါကြောင့် သူ့ရဲ့ တန်ဖိုးကို ကောင်းကောင်း နားလည်ခဲ့ ပါတယ် ။ ဒီ ခက်ခဲတဲ့ အပိုင်းကို ကျွန်တော် ကျော်ဖြတ်နိုင်ဖို့ အာရုံ အပြည့်အဝစိုက်ပြီး လုပ်ဖို့ အရေးကြီးပါတယ်” လို့ ရက်ဖိုဒ့် က ဆက်လက် ပြောဆိုခဲ့ ပါတယ် ။

ရက်ဖိုဒ့် ဟာ နည်းပြ အဲရစ်တန်ဟတ် ရဲ့ ယူနိုက်တက် နည်းပြဘ၀ ပထမဆုံး ရာသီရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရှိပေးနေပြီး မနက်ဖြန်မှာ ကစားမယ့် ခါရာဘောင် ဖလား ဗိုလ်လုပွဲမှာလည်း ပါဝင် ကစားကာ အသင်းကို ဆုဖလား ရယူပေးဖို့ ဆန္ဒ ရှိနေပါတယ် ။ ရိုနယ်ဒို ထွက်ခွာသွားပြီး ကတည်းက အသင်းရဲ့ ဂိုးသွင်း တာဝန်ကို ရယူထားတဲ့ ရက်ဖိုဒ့် က နည်းပြ နဲ့ နည်းပြအဖွဲ့ဝင်တွေဟာ သူ့ရဲ့ ပုံစံကောင်း ရရှိမှုမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ ကိုလည်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

“အခု ဂိုးတွေ ပုံမှန်သွင်း နိုင်တဲ့ အခြေအနေကို ကျွန်တော် ရောက်နေပါပြီ ။ ဒီအတွက် နည်းပြတွေကို ကျေးဇူး တင်ပါတယ် ။ သူတို့ရဲ့ သင်ပြမှုက ကျွန်တော့ရဲ့ အယူအဆတွေကိုပါ ပြောင်းလဲ စေခဲ့တာပါ ။ ဘောလုံးက ကိုယ့်ဆီ မရောက်လာဘူး ဆိုရင် စိတ်မပူဖို့ ၊ တချိန်ချိန် မှာ ဘောလုံး က ကျိန်းသေ ရောက်လာမယ်ဆိုတာ ယုံကြည်ဖို့ နဲ့ အဲ့ဒိအချိန်မှာ အဆင်သင့် ဖြစ်နေဖို့ကို သူတို့ သင်ပြ ပေးခဲ့ကြ ပါတယ် ။ တိုက်စစ်မှူး တယောက် အတွက် ပွဲတိုင်းမှာ ဒီလို အခိုက်အတန့်ဆိုတာ အမြဲလိုလို ရှိတတ်ပါတယ်” လို့ ရက်ဖိုဒ့် က ပြောဆိုခဲ့ ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments