Wednesday, January 14, 2026
spot_img
spot_img

ကြယ်ပွင့် သုံးဦးမှအပ ကျန်ကစားသမားအားလုံးကို မန်ယူအသင်း အပြောင်းအရွှေ့အတွက် တံခါးဖွင့်ထားပြီး ကမ်းလှမ်းမှုရှိလျှင် စဉ်းစားမည်

မန်ယူအသင်းသည် အသင်းရှိ ကြယ်ပွင့်ကစားသမား သုံးဦးမှအပ ကျန်ကစားသမားအားလုံးကို အပြောင်းအရွှေ့အတွက် တံခါးဖွင့်ထားပြီး ကမ်းလှမ်းမှုများရှိလာလျှင် လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။

မန်ယူအသင်းတွင် လာမည့်ရာသီ အာမခံချက်ရှိသည့် ကစားသမား သုံးဦးမှာ တိုက်စစ်မှူး ဟွိုင်လန်း၊ တောင်ပံကစားသမား ဂါနာချိုနှင့် ကွင်းလယ်လူ မိန်နူးတို့ သုံးဦးသာ ရှိကြောင်း သိရသည်။ ယင်းစာရင်း၌ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်၊ ယခုရာသီတွင် ခြေစွမ်းမပြနိုင်ဖြစ်နေသည့် ရပ်ရှ်ဖို့ဒ်၊ ပြီးခဲ့သည့်တစ်နှစ်ကမှ ငါးနှစ်စာချုပ် ချုပ်ဆိုထားသည့် နောက်ခံလူ ဒါလော့၊ ယမန်နှစ်ကမှ ခေါ်ယူထားပြီး မကြာခဏ အမှားအယွင်းများလေ့ရှိသည့် ဂိုးသမား အိုနာနာတို့လည်း အရောင်းစာရင်းထဲ ပါဝင်နေသည်။ 

အသင်းနှင့်နီးစပ်နေသည့် သတင်းရင်းမြစ်များက မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားပြီး ပြီးခဲ့သည့်နှစ်က ဂိုး ၃၀ သွင်းယူနိုင်သည့် ခြေစွမ်းမျိုး ပြန်လည်ရရှိရန် ကြိုးပမ်းဖွယ်ရှိနေသည်ဟု ပြောကြားထားသော်လည်း သင့်လျော်သည့် ပြောင်းရွှေ့ကြေးရရှိလျှင် ရောင်းထုတ်သွားဖွယ်ရှိနေသည်။ 

PSG အသင်းသည် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန်နီးစပ်နေသည့် တိုက်စစ်မှူး ဘာပေ၏နေရာတွင် ရပ်ရှ်ဖို့ဒ်နှင့် ပြန်လည်အစားထိုးရန် ဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ မန်ယူအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်အား ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဝန်းကျင်ရရှိလျှင် လက်လွှတ်ဖွယ်ရှိနေကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလက အသင်း၏ရှယ်ယာ ၂၅ ရာခိုင်နှုန်း ဝယ်ယူမှု အပြီးသတ်ပြီးနောက် ဘောလုံးရေးရာများကို ဆောင်ရွက်ခွင့်ရထားသည့် ဆာဂျင်ရက်ကလစ်ဖ်နှင့် INEOS ကုမ္ပဏီသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးထားသည့်အပြင် ပရီးမီးယားလိဂ်၏ ဘဏ္ဍာရေးကန့်သတ်မှုစည်းမျဉ်းကြောင့်လည်း အပြောင်းအလဲများစွာ ပြုလုပ်ရန်အတွက် အသင်းကစားသမားများကို ကနဦးရောင်းချသွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းတွင် ယခုရာသီ အငှားချထားသည့် ဆန်ချို၊ ဂရင်းဝုဒ်၊ ဗန်ဒယ်ဘိခ်နှင့် ဟန်နီဘယ်လ်ကဲ့သို့ ကစားသမားများကို ရောင်းချသွားမည်ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဗာရန်း၊ မာစီယဲလ်တို့နှင့် လမ်း ခွဲမည်ဖြစ်ကာ အမ်ရာဘတ်ကိုလည်း အပြီး  သတ်ခေါ်ယူမည်မဟုတ်ကြောင်း သိရသည်။ 

စာချုပ်သက်တမ်းတစ်နှစ်ကျန် အဲရစ်ဆင်၊ နှစ်နှစ်ကျန် ကက်စီမီရိုတို့မှာလည်း အသင်းတွင် ခြေစွမ်းမပြနိုင်ခြင်းကြောင့် အနာဂတ် မသေချာဘဲ ဖြစ်နေသည်။ ပြီးခဲ့သည့်နွေရာသီက အသင်းပြောင်းရွှေ့ရန် နီးစပ်ခဲ့သည့် တွမ်မီနေးနှင့် မက်ဂွိုင်းရားမှာ ယခုရာသီတွင် အသင်းအတွက် အထောက်အကူဖြစ်ခဲ့သော်လည်း ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရရှိလျှင် ရောင်းချမည်ဖြစ်ကြောင်း BBC Sport က ဖော်ပြခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments