မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးသမားသစ် ဖြစ်သူ အန်ဒရီအိုနာနာက သူဟာ ဘာကြောင့် ကျောနံပါတ် ၂၄ လေးကို ရွေးချယ်ခဲ့သလဲ ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြသွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ နည်းပြအဲရစ်တန်းဟတ်ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးလို့ ယုံကြည်ကြောင်း ပြောလိုက်ပါတယ်။
ကင်မရွန်းဂိုးသမားဟာ ဒီနွေရာသီမှာ အင်တာကနေ အိုးထရပ်ဖို့ဒ်ကို ပေါင် ၄၇ သန်းနဲ့ ပြောင်းလာခဲ့တာ ဖြစ်ပြီး ကျောနံပါတ် ရွေးချယ်တဲ့နေရာမှာ ကလပ်ကနေ ထွက်ခွာသွားခဲ့တဲ့ ဒဟယ်ယားရဲ့ ကျောနံပါတ် ၁ ကို ရွေးချယ်ခြင်း မလုပ်ခဲ့ဘဲ အိုင်ယက်နဲ့ အင်တာ တို့မှာ ၀တ်ဆင်ကစားခဲ့တဲ့ ကျောနံပါတ် ၂၄ ကိုသာ ရွေးချယ်ခဲ့ပါတယ်။

ကျောနံပါတ် ၂၄ ကို ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ရာမှာ အိုနာနာက “ကျနော် ဒီနံပါတ်ကို ဒီလိုပဲ ကြိုက်လို့ပါ။ အမှန်တကယ်တော့ ဒါဟာ ကျနော့်ရဲ့ မွေးရက်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော့် အတွက် ဒီနံပါတ်ဟာ အရမ်းကိုကောင်းတဲ့ နံပါတ် ဖြစ်ကာ ကျနော် ဒီအကျီကိုလည်း နှစ်သက်ပါတယ်။
ကျနော်ဟာ ဒီကျောနံပါတ်ကို ၀တ်ဆင်ကာ ကစားသမားဘ၀မှာ ကောင်းတဲ့အရာတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ဒါကို ဒီအသင်းမှာလည်း ဆက်လုပ်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်မိပါတယ်။” လို့ ဆိုလိုက်ပါတယ်။
အိုနာနာဟာ အိုးထရပ်ဖို့ဒ်မှာ သူ့ရဲ့ နည်းပြဟောင်း အဲရစ်တန်းဟတ် ၊ အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ လီဆန်ဒရိုမာတီနက်ဇ် ဒွန်နီဗန်ဒီဘိ တို့နဲ့ ပြန်လည် လက်တွဲရမှာ ဖြစ်ပြီး ဒါဟာ ယူနိုက်တက်ကို ရွေးချယ်တဲ့နေရာမှာ အဓိကကျတဲ့ အချက်တွေ ဖြစ်တယ်လို့ အိုနာနာက ဆိုခဲ့ပါတယ်။

၎င်းအပေါ် တန်းဟတ်ရဲ့ လွှမ်းမိုးမှု ဘယ်လောက်ကြီးမားသလဲ ဆိုတဲ့ မေးခွန်းကို အိုနာနာက “အမှန်ပါပဲ။ ရိုးရိုးသားသား ပြောရရင် သူဟာ ကျနော့် အပေါ် လွှမ်းမိုးမှု တကယ် ကြီးမားပါတယ်။ ကျနော်တို့ အရမ်းကောင်းတဲ့အရာတွေ အတူတကွ လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ အိုင်ယက်နဲ့ အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ထိ တက်နိုင်ခဲ့ပါတယ်။ ဒါမျိုးဟာ နှစ်ပေါင်း ၂၀ လောက်မှ တစ်ကြိမ် လုပ်နိုင်တဲ့အရာ ဖြစ်ပါတယ်။
ကျနော်တို့ကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိနေပါတယ်။ သူဟာ ထိပ်တန်းနည်းပြတစ်ဦးပါ။ ကျနော့် အတွက်ကတော့ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။






