ဂျီနိုအာ အသင်းကို ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ ရိုးမား အသင်း ပရိသတ်တွေဟာ နည်းပြ မော်ရင်ဟို နှင့် ကစားသမားတွေကို လှောင်ပြောင် အော်ဟစ် ခဲ့ကြပါတယ် ။ ရိုးမား အသင်းဟာ လက်ရှိ စီရီးအေမှာ ၆ ပွဲ ကစား ၁ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲ ရှုံး ရမှတ် ၅ မှတ်နဲ့ တန်းဆင်းဇုန် နဲ့ ၂ မှတ်အကွာမှာ ရပ်တည် နေတာပါ ။
၆ ပွဲမှာ ၅ မှတ်ပဲ ရထားတာဟာ နာမည်ကျော် နည်းပြ မော်ရင်ဟို အတွက်တော့ သူ့ရဲ့ နည်းပြ ဘဝ အဆိုးရွားဆုံး မှတ်တမ်းပဲ ဖြစ်ပါတယ် ။ ဂျီနိုအာ အသင်းကို ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့် ခဲ့တဲ့ ပွဲအပြီးမှာ မော်ရင်ဟို ဟာ စတူဒီယိုထဲက သတင်းစာ ရှင်းလင်းပွဲကိုတောင် မသွားဘဲ ကွင်းဘေးမှာပဲ သတင်းထောက် ရဲ့မေးခွန်းကို ဖြေကြား သွားခဲ့ပါတယ် ။

” စတူဒီယို မှာ စောင့်နေကြသူတွေ အားလုံးကို ကျနော် တောင်းပန်ပါတယ် ။ ဒါပေမယ့် ကျနော် စကားပြောချင်စိတ် လုံးဝ မရှိပါဘူး ၊ ကျနော့် ကစားသမားတွေနဲ့တောင်စကား မပြောဖြစ်ခဲ့ပါဘူး ၊ ပွဲအကြောင်း သူတို့နဲ့ အသေးစိတ် မပြောနိုင်သေးသလို ခင်ဗျားတို့ရဲ့ မေးခွန်းတွေကိုလည်း ဖြေချင်စိတ် မရှိပါဘူး ။ ”
” ဒဏ်ရာရ ကစားသမားတွေ မပါနိုင်လို့ ကျနော်တို့ အသင်းက စုစည်း ညီညွှတ်မှု ပျောက်နေတယ် လို့ ပြောတာက တခြားသူတွေ အတွက် မတရားရာ ကျပါလိမ့်မယ် ။ အသင်းလိုက် စုစည်း ညီညွှတ်မှု ဆိုတာက အသင်းလိုက် စိတ်ဓတ် နှင့် ဘောလုံး ပျက်သွားချိန်မှာ တစ်ယောက် နဲ့ တစ်ယောက် ပူးပေါင်းပြီး ဘောလုံး ပြန်လည် ရယူခြင်း ကို ပေါင်းစပ် ထားတာပါ ၊ ကျနော်တို့ ဒီနေ့ အဲ့ဒီအရာတွေ ပျောက်ဆုံး နေခဲ့ပါတယ် ။ ”
” ကျနော့် နည်းပြဘဝရဲ့ အဆိုးရွားဆုံး အချိန်အခါ ဆိုလည်း မှန်ပါတယ် ။ ဒါပေမယ့် ရိုးမား ကို သမိုင်း တစ်လျှောက် ပထမဆုံး အကြိမ် ဥရောပ ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ နှစ်ကြိမ်ဆက် ကစားခွင့် ရအောင် စွမ်းဆောင် ပေးခဲ့သူကလည်း ကျနော် ပါပဲ ။ ”

” ကျနော်တို့ ဒီအခြေအနေကနေ ရုန်းထွက် နိုင်ဖို့ လိုပါတယ် ၊ အပြောင်းအရွှေ့ကာလကလည်း ပိတ်သွားပြီဆိုတော့ ဘယ်သူမှလည်း အသစ်ရောက်လာစရာ ထပ်ထွက်စရာ မရှိတော့ပါဘူး ၊ ဒီလူစာရင်း နဲ့ ပဲ ရှေ့ဆက်ရမှာပါ ။ ဒီလူစာရင်း မှာ အရည်အသွေးကောင်းတွေ ရှိသလို ပြဿနာတွေလည်း ရှိပါတယ် ။ ”
” ကျနော်တို့ ငိုကြွေးနေဖို့ အချိန်မရှိပါဘူး ၊ နာကျင်ခံစားရတာကြောင့် အတွင်းထဲမှာ ကြိတ်ငိုကြွေးလို့တော့ ရဝာာပေါ့ဗျာ ။ ဒါပေမယ့် ကျနော်တို့ မနက်ဖြန်ကျရင် လုပ်စရာ ရှိတာကို ပြန်လုပ်ရပါမယ် ။ လာမယ့်ပွဲက ၃ မှတ်တန် ပွဲပါ ၊ နိုင်ရင် ၇ မှတ် ၈ မှတ် ရမှာ မဟုတ်ပေမယ့် ကျနော်တို့ နိုင်ပွဲ ပြန်ယူဖို့ အင်မတန် အရေးကြီးတဲ့ ပွဲပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။






