Tuesday, January 13, 2026
spot_img
spot_img

ကော်နာ ဂေါ်လဂါ အနီ ထ်ိခဲ့ခြင်း အပေါ် ပိုချက်တီနို ဘယ်လို မှတ်ချက်ပေးခဲ့လဲ ?

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရိုက်တန် အသင်းကို ဒုတိယပိုင်း တပိုင်းလုံး တယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရပြီး ၊ နောက်ဆုံးမိနစ် အထိ တိုက်ပွဲဝင်ကာ ၊ ၃ – ၂ ရလဒ်နဲ့ အနိုင် ၃မှတ်ကို ဖော်ဆောင်သွားပါတယ် ။

ပထမပိုင်း အထလေးတဲ့ ဘရိုက်တန်ရဲ့ ခံစစ်တုန့်ပြန်ပုံကို အိမ်ရှင် ချဲလ်ဆီးတို့ အခွင့်ကောင်း ယူနိုင်ခဲ့တာကြောင့် တည်ကန်ဘော ၂ကြိမ်ကနေ ဦးဆောင်ဂိုး ၂ဂိုး စတင်ရခဲ့ပါတယ် ။ သို့ပေမယ့် ပွဲထိန်းပုံ မသေသပ်ခဲ့ရာကနေ ချေပဂိုး တဂိုး ပြန်ပေးခဲ့ရသလို ၊ အသင်းခေါင်းဆောင် ကော်နာ ဂေါ်လဂါကလည်း မိနစ်အနည်းငယ်သာ ခြားပြီး ၂ဝါတနီနဲ့ အထုတ်ခံခဲ့ရလို့ ၊ ခြင်္သေ့ပြာတို့ ဖိအားတွေအောက် ရောက်ခဲ့ရပါတယ် ။

ဂေါ်လဂါက ထိုမတိုင်ခင် ပြစ်ဒဏ်ကျူးလွန်မှု ၃ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ၊ အဝါတကြိမ် သတိပေးခံခဲ့ရသည့်တိုင် ၊ ပထမပိုင်းပြီးခါနီး ချဲလ်ဆီး တိုက်စစ်ပျက်လို့ ဘရိုက်တန်က တန်ပြန်တိုက်စစ်ဆင်တဲ့ နေရာမှာ တားဆီးဟန့်တားဖို့ ကြိုးစားရင်း ၊ ပြစ်ဒဏ်ထပ်ကျူးလွန်မိတာကြောင့် ကွင်းလယ်ဒိုင် ခရိတ် ပေါဆင်က နောက်တကြိမ် warning ပင် မပေးတော့ပဲ ၄င်းကို ဒုတိယ အဝါ ပြသကာ ထုတ်ပယ်သွားပါတယ် ။

ရှေ့အပတ်ကလည်း ကလပ် အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ် စိတ်မထိန်းနိုင်လို့ ၂ဝါတနီ ထိပြီးခဲ့သလို ၊ မနေ့ကပွဲမှာလည်း ဒုအသင်းခေါင်းဆောင် ဂေါ်လဂါဟာ သတိမမူမှုကြောင့် ၂ဝါတနီနဲ့ အထုတ်ခံရပြန်လို့ ချဲလ်ဆီး ပရိသတ်တွေဟာ ၄င်းတို့ရဲ့ စည်းကမ်းပိုင်း လိုက်နာမှု အပေါ် စိုးရိမ်လာကြပါတယ် ။

ပွဲပြီး BBC Match of the Day နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ဂေါ်လဂါရဲ့ ဒုတိယ အဝါကို လက်ခံခဲ့ခြင်း မရှိသလို ၊ တယောက်လျော့ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည် အပေါ် ဂုဏ်ယူဖွယ် မှတ်ချက်ပေးသွားပါတယ် ။

ပိုချက်တီနို က ” ကျွန်တော်ကတော့ ဒါကို အနီထိသင့်တယ်လို့ မထင်ပါဘူး ။ ဒါကို ကျွန်တော် ထပ်ကြည့်ရပါဦးမယ် ။ ကျွန်တော်တို့ဟာ ဒိုင်တွေကို နားလည်ပေးဖို့ လိုပေမယ့် ၊ သူတို့ကလည်း ကျွန်တော်တို့ကို နားလည်ပေးဖို့ လိုပါတယ် ။ ”

” ဒီလိုအရာမျိုးက ဘောလုံးမှာ ဖြစ်တတ်ပါတယ် ။ ဟုတ်ပါတယ် ။ ( အနီကတ် အပေါ် ) ကျွန်တော် စိတ်ပျက်မိပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ တပွဲလုံး ကစားသမား အပြည့်နဲ့ ယှဉ်ပြိုင်နိုင်ခဲ့သင့်လို့ပါပဲ ။ ဒါပေမယ့် ဒါမျိုး ဖြစ်တတ်တယ် ဆိုတာ ကျွန်တော်တို့ လက်ခံဖို့ လိုပါတယ် ။ ”

” ကျွန်တော်တို့ဟာ ပျမ်းမျှအသက်အားဖြင့် ငယ်ရွယ်တဲ့ အသင်း တသင်းပါ ။ ကျွန်တော်တို့ အနေနဲ့ ဒီလို အနီကတ် အတွေ့အကြုံမျိုးတွေ ချန်ခဲ့ဖို့ လိုပါမယ် ။ အချိန်ကြာလာတာနဲ့ အမျှ ကျွန်တော်တို့ တိုးတက်လာမှ ဖြစ်ပြီး ၊ ဒီလို အခြေအနေမျိုးတွေ ရှောင်ရှားနိုင်ပါလိမ့်မယ် ။ ”

” ဒီနေ့ အသင်း ကစားပုံက အရမ်းကောင်းခဲ့ပါတယ် ။ ဒီစွမ်းဆောင်ရည် အပေါ် ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ် ။ ဘာလို့လဲဆိုတော့ ရှေ့အပတ်က နယူးကာဆယ်နဲ့ ပွဲရလဒ်က ခက်ခဲခဲ့ပြီး ၊ အခု တကြိမ် ဘရိုက်တန်ဟာလည်း ရင်ဆိုင်ရ ခက်ခဲခဲ့သလို ၊ ပထမပိုင်း ၂၅မိနစ် အတွင်း ၂ဂိုး သွင်းပြီး ပွဲကို ထိန်းချုပ်နေခဲ့လို့ပါ ။ ”

” ပထမပိုင်း ပြီးခါနီး ချေပဂိုး တဂိုး ပြန်ပေးခဲ့ရတဲ့ အချိန် ကျွန်တော်တို့ရဲ့ ကစားပုံက အနည်းငယ် ပျော့ဖတ်ဖတ် ဖြစ်ခဲ့ပါတယ် ။ အဲဒီနောက် ဂေါ်လဂါ အထုတ်ခံခဲ့ရပါတယ် ။ ကျွန်တော့ အမြင်မှာတော့ ဒါက ဒုတိယအဝါတော့ မဟုတ်ပါဘူး ။ ကျွန်တော် ထင်တာလည်း မှားချင်မှားပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments