အင်တာမီလန်အသင်း၏နည်းပြ အင်ဇာဂီက ကိုပါအီတာလီယာဖလား ဆွတ်ခူးခဲ့ပြီးနောက် စီးရီးအေဗိုလ်လုပွဲနှစ်ပွဲနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရဦးမည်ဖြစ်ပြီး ကောင်းမွန်သည့်ရာသီအဖြစ် ဆက်သွားရဦးမည်ဟု ပြောကြားခဲ့သည်။
အင်တာမီလန်အသင်းသည် စီးရီးအေပွဲစဉ် (၃၆) အပြီးတွင် ရမှတ် (၆၆) မှတ်ဖြင့် အဆင့် (၃) နေရာရပ်တည်နေပြီး အဆင့် (၅) နေရာမှ အတ္တလန်တာအသင်း (၆၁ မှတ်)ကို (၅) မှတ်ဖြတ်ထားသည်။

အင်ဇာဂီက “ကျွန်တော် ပျော်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုဖလားက ကျွန်တော်တို့ လိုချင်တဲ့ ဆုဖလားဖြစ်လို့ပါ။ အဲဒါကို ပြီးခဲ့တဲ့ရာသီ မှာလည်း သေချာအောင် လုပ်နိုင်ခဲ့ပါတယ်။ ဖီအိုရင်တီးနားက အရည်အချင်း ရှိတဲ့ အသင်းတစ်သင်းဖြစ်လို့ ကျွန်တော်တို့ကို ပြဿနာတွေအများကြီး ကြုံ တွေ့စေခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ စီးရီးအေမှာ ဗိုလ်လုပွဲနှစ်ပွဲ ကစားရပါ ဦးမယ်။ ပြီးသွားရင် အစ္စတန်ဘူလ်မှာ (ချန်ပီယံလိဂ်ဗိုလ်လုပွဲ) ထပ်ကစားရမှာပါ။ ကောင်းမွန်တဲ့ရာသီအဖြစ် ဆက်သွားချင်ပါသေးတယ်”ဟု ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ကိုပါအီတာလီယာ ဗိုလ်လုပွဲသို့ (၁၅) ကြိမ်တက်ရောက်ရာတွင် (၉)ကြိမ်မြောက် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ရိုးမားအသင်းနှင့်အတူ ပြိုင်ပွဲ၏ ဒုတိယအအောင်မြင်ဆုံးအသင်းအဖြစ် ပူးတွဲရပ်တည်နိုင် ခဲ့ပြီဖြစ်ကြောင်း သိရသည်။






