အင်္ဂါနေ့ (မြန်မာစံတော်ချိန် မတ် ၂၉) တွင် ကာရေဘီယံအသင်း ကူရာကာအိုနှင့် နိုင်ငံတကာချစ်ကြည်ရေးပွဲ ကစားခဲ့ရာ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားက ၇-၀ ဂိုးဖြင့် အနိုင်ယူခဲ့သည်။ ပွဲပထမပိုင်း၌ လီယွန်နယ်မက်ဆီသည် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး အာဂျင်တီးနားအတွက် ကစားသမားဘ၀ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
အသက် ၃၅ နှစ်ရှိ မက်ဆီသည် အဆိုပါနိုင်ငံတကာခြေစမ်းပွဲ၌ အဖွင့်ဂိုး (အာဂျင်တီးနားအတွက် ၁၀၀ ဂိုးမြောက် ဂိုး) ကို မိနစ် ၂၀ တွင် သွင်းခဲ့ပြီး အာဂျင်တီးနားအတွက် ၁၀၁ ဂိုးမြောက် ဂိုး နှင့် ၁၀၂ ဂိုးမြောက် ဂိုးတိုကို ၃၃ မိနစ် နှင့် ၃၇ မိနစ်တိုမှာ ကန်သွင်းခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားအသင်းခေါင်းဆောင်သည် နိုင်ငံအသင်းများအတွက် တရားဝင်ပွဲများတွင် ဂိုးအများဆုံးသွင်းသူစာရင်းတွင် အမျိုးသားကစားသမားနှစ်ဦး၏ နောက်တွင်ရှိသည်။ ပေါ်တူဂီကစားသမား စီရော်နယ်ဒိုက ၁၂၂ ဂိုးနှင့် အီရန်ကစားသမား အလီဒါအီက ၁၀၉ ဂိုး သွင်းထားသည်။
မက်ဆီသည် ဂိုး ၁၀၀ စံချိန်တင်သည့် ပထမဆုံးသော တောင်အမေရိကအမျိုးသားဘောလုံးသမားဖြစ်ပြီး နိုင်ငံအတွက် ၁၀၉ ဂိုး သွင်းထားသည့် ဘရာဇီးလ်အမျိုးသမီးဘောလုံးသမား မာတာ ပြီးလျှင် ဒုတိယမြောက် တောင်အမေရိကကစားသမားလည်း ဖြစ်သည်။

မက်ဆီ၏ သွင်းဂိုးတစ်ဝက်နီးပါး ၄၆ ဂိုးသည် နိုင်ငံတကာချစ်ကြည်ရေးပွဲများမှ ဖြစ်သည်။ PSG တိုက်စစ်မှူးသည် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် အီကွေဒေါကို အာဂျင်တီးနားက ၃-၁ ဖြင့်အနိုင်ရသောပွဲတွင် ဟက်ထရစ်အပါအဝင် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ၂၈ ဂိုးအထိသွင်းယူထားသည်။
မက်ဆီသည် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ၁၃ ဂိုးသွင်းပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ၂၆ ပွဲတွင် ၁၃ ဂိုးသွင်းယူ၍ အာဂျင်တီးနားအသင်းအတွက် ဂိုးသွင်းအများဆုံးကစားသမားဖြစ်ကြောင်း သိရသည်။






