ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဘရိုက်တန် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို အတွက် ပေါင်သန်း ၇၀ ( အပိုဆုကြေးမပါ ) နဲ့ ဒုတိယ အကြိမ် ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ၊ ဘရိုက်တန်ဖက်က ဒီတကြိမ်ကိုလည်း မဆိုင်းမတွ ပယ်ချခဲ့ပါတယ် ။
လာမယ့် ရက်အနည်းငယ်မှာ ချဲလ်ဆီးဟာ အပိုဆုကြေး အပါအဝင် ပေါင်သန်း ၇၀ကျော်တဲ့ ကမ်းလှမ်းမှုနဲ့ တတိယအကြိမ် ချဉ်းကပ်ဖွယ်ရှိပြီး ၊ ဒီတကြိမ်မှာရော ဘယ်လို ရလဒ် ထွက်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
အသက် ၂၁နှစ် အရွယ်ရှိ ယင်းအီကွေဒေါလက်ရွေးစင် ကွင်းလယ်လူကတော့ ပေါင်သန်း ၁၀၀ အထိ အလိုရှိနေတာကြောင့် အချိန်ဆွဲနေတဲ့ ဘရိုက်တန်ရဲ့ လုပ်ရပ် အပေါ် စိတ်ပျက်နေကာ ၊ အသင်းက ထွက်ခွာဖို့ ကိစ္စနဲ့ ပတ်သက်ပြီး သူ ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း တောင်းဆိုဖို့ ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

မနေ့က အမေရိကန်ခရီးစဉ် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြသစ် မော်ရစ်စီယို ပိုချက်တီနိုဟာ ဘရိုက်တန်မှ ကိုင်စီဒို အတွက် ၄င်းတို့ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အပေါ် မေးခွန်းထုတ်ခံခဲ့ရာ ၊ ယင်းအာဂျင်တိုင်းသားက အခုလိုပဲ တုန့်ပြန်ဖြေကြားလာပါတယ် ။
ပိုချက်တီနို က ” ကိုယ်လိုချင်ရတာ ရဖို့ အတွက် အသင်းအားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံး ကြိုးစားနေကြတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဘယ်သူဘယ်ဝါဆိုတာတော့ ကျွန်တော် နာမည် တိတိကျကျ တပ်ပြီး ပြောမှာတော့ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ကိုယ့်မှာ ရှိနေတဲ့ ကစားသမားတွေသာ အရေးကြီးဆုံးဖြစ်လို့ပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ အပါအဝင် ကလပ်အများအပြားဟာ ကိုယ့်အသင်းကို တိုးတက်စေနိုင်မယ့် ကစားသမားသစ်တွေကို ခေါ်ဖို့ လုပ်ဆောင်နေကြတယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် ခေါ်ချင်တဲ့ ကစားသမား နာမည် အတိအကျကို ကျွန်တော် ထုတ်ပြောမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက မလေးမစားလုပ်ရာ ကျလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဝက်စ်လေ ဖိုဖာနာဟာ အမေရိကန်ခရီးစဉ် မတိုင်မီ ရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူရတော့မှာ ဖြစ်ကြောင်း ချဲလ်ဆီး အသင်းဖက်က တရားဝင် ကြေညာချက် ထုတ်ပြန်သွားခဲ့ပါတယ် ။ တချို့ သတင်းတွေရဲ့ ဖော်ပြချက် အရ ဖိုဖာနာဟာ လာမယ့် တရာသီလုံးနီးနီး အနားယူရနိုင်တယ်လို့ ကြားသိရပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ပိုချက်တီနို က ” ဒါက တကယ်တကယ် ဝမ်းနည်းဖွယ်ကောင်းပြီး ၊ ဆိုးရွားတဲ့ သတင်းပါပဲ ။ ကျွန်တော်တို့အားလုံး ဒီအတွက် ဝမ်းနည်းခံစားနေရပါတယ် ။ ကျွန်တော်တို့ဖက်က လုပ်ပေးနိုင်တာက သူ့ကို ကူညီပေးဖို့ပါ ။ ဒါပေမယ့် သူ အမြန်ဆုံး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ”
” ကျွန်တော်တို့ ( သူမပါပဲ ) ရှေ့ဆက်ဖို့ လိုပါတယ် ။ ပြိုင်ပွဲက တလနေရင် စတော့မှာပါ ။ ပြိုင်ပွဲက ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အနေနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ရှိနေရပါမယ် ။ လာမယ့်ရာသီ တကွေ့ကွေ့မှာ ဖိုဖာနာ ပြန်ကောင်းလာဖို့ မျှော်လင့်လား ? မျှော်လင့်ပါတယ် ။ ”
” ဒါပေမယ့် ခင်ဗျားမှာ ရှိတဲ့ သတင်းအချက်အလက်တွေ အရ ဒါက ခက်ခဲနေပါတယ် ။ သူဟာ မတူညီတဲ့ နည်းလမ်း ပြန်လည် နာလံထူဖို့ ကြိုးစားမှာပါ ။ ဒါပေမယ့် သူ လျင်လျင်မြန်မြန် ပြန်လည် သက်သာလာဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။