ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရေးအတွက် ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ အခြားအပိုဆုကြေးများဖြင့် ကမ်းလှမ်းမှုတစ်ခုပြုလုပ်လိုက်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။
အသက် ၂၉ နှစ်အရွယ်ရှိ ကိန်းသည် စပါးအသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာကျန်ရှိတော့သည်။ ပရီးမီးယားလိဂ်ကလပ် မန်ယူကလည်း ကိန်းကို ၎င်းတို့၏ တိုက်စစ်တွင် အသုံးပြုနိုင်ရန်အတွက် ခေါ်ယူနိုင်ရေး အပြင်းအထန်ကြိုးစားနေသည်။ တူချယ်ကိုင်တွယ်နေသော ဘိုင်ယန်မြူးနစ်အသင်းသည် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန်ကြိုးစားနေပြီး ကိန်းသည် ၎င်း၏ နံပါတ်တစ်ပစ်မှတ်ဖြစ်လာကြောင်း မီဒီယာများက ဖော်ပြသည်။

ဘိုင်ယန်က ကိန်းကို ကနဦးပြောင်းရွှေ့ကြေးပေါင် သန်း ၆၀ နှင့် အခြားအပိုဆုကြေးများအပါအဝင် စုစုပေါင်း ပေါင် ၈၆ သန်းခန့် အသုံးပြုလျှင် ခေါ်ယူနိုင်မည်ဟုယူဆနေကြောင်း ဥရောပ အားကစားမီဒီယာတစ်ခုက ယနေ့သတင်းဖော်ပြသည်။ ရီးရဲမက်ဒရစ်အသင်းသည်လည်း ဘန်ဇီမာထွက်ခွာသွားပြီးနောက် တိုက်စစ်မှူးတစ်ဦးကို အလိုရှိနေပြီး ကိန်းကို ခေါ်ယူရန် စိတ်အားထက်သန်နေသည်။






