ခရစ်ဆက်တန်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လီဗာပူးတို့ တော့တင်ဟမ်ကို ၄-၃ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း ယာဂန်ကလော့ ပြုလုပ်ခဲ့တဲ့ လုပ်ရပ်အတွက် အက်ဖ်အေ အနေနဲ့ ၎င်းကို ပွဲပယ်သင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဂျိုတာရဲ့ ၉၄ မိနစ် အနိုင်ဂိုးပြီးနောက် ကလော့ဟာ စတုတ္ထဒိုင်လူကြီး ဂွန်ဘရွတ်နဲ့ မျက်နှာချင်းဆိုင်ကာ အောင်ပွဲခံခဲ့တာ ဖြစ်ပြီး ဒီလုပ်ရပ်အတွက် ပေါလ်တီယာနေးက အဝါကတ် ပြသခဲ့ပါတယ်။

ဂျာမန်နည်းပြဟာ အဆိုပါ ပွဲစဉ်အတွင်း သူ့ရဲ့ အသင်းကို favour မပေးခဲ့တဲ့ ကွင်းလယ်ဒိုင် ပေါလ်တီယာနေးရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ဒေါသထွက်နေတာကြောင့် ယခုလို အောင်ပွဲခံခဲ့ဟန် ရှိပြီး လက်ရှိ အချိန်မှာတော့ အက်ဖ်အေဟာ အဆိုပါ ဖြစ်ရပ်ကို ပြန်ကြည့်ပြီး ကလော့ကို ပြစ်ဒဏ်ချမှတ်ရန် ပြင်ဆင်နေပါတယ်။ ခရစ်ဆန်တန် ကတော့ ကလော့ အတွက် ငွေဒဏ်ဟာ လုံလောက်မှု ရှိတဲ့ ပြစ်ဒဏ်မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်း ဆက်တန်က “သူ့ရဲ့ ဒီလုပ်ရပ်ဟာ ဟိုးအောက်ခြေ level ထိပါ လွှမ်းမိုးမှု ရှိစေနိုင်ပါတယ်။ အပျော်တန်းအဆင့်တွေမှာ ဒိုင်လူကြီးတွေဟာ သူတို့ရဲ့ စနေ တနင်္ဂနွေ အားလပ်ရက်တွေကို စွန့်လွှတ်ကာ ၀င်ငွေနည်းနည်းနဲ့ ပရိတ်သတ်တွေရဲ့ လှောင်ပြောင်ဆဲဆိုမှုတွေ ခံနေရပါတယ်။ ကလော့ထက် profile ကြီးမားတဲ့ နည်းပြက များများစားစား မရှိပါဘူး။ ကလော့ အနေနဲ့ ဂျွန်ဘရွန်ဆီကို ပြေးလွှားကာ အောင်ပွဲခံခဲ့ပြီး သူ့ရဲ့ ဒူးကောက်ကြောကို ကိုင်ပြီး ပြန်လှည့်သွားခဲ့တဲ့ ဗီဒီယိုကို ကြည့်ပြီး ရှက်နေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
အက်ဖ်အေ အနေနဲ့ ဒီကိစ္စ အပေါ် ထိရောက်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့ လိုအပ်ပါတယ်။ ဘာမှ ထိရောက်မှု မရှိတဲ့ ပြစ်ဒဏ်တော့ ချမနေပါနဲ့။ ငွေဒဏ်ဟာ ဒီလုပ်ရပ်တွေ အပေါ် အဟန့်အတား မဖြစ်စေလောက်ပါဘူး။ ပွဲပယ်ပြစ်ဒဏ် ချမှတ်တာ ကသာ အလုပ် ဖြစ်နိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။






