ဒီဇင်ဘာလ ၂၂ ရက်တွင် ယှဉ်ပြိုင်မည့် ၂၀၂၃ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အဓိကကစားသမားများဖြစ်သည့် တိုက်စစ်မှူးဟာလန်းနှင့် ကွင်းလယ်ကစားသမား ဒီဘရိုင်းနား ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုခဲ့သည်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်နေသည့် မန်စီးတီးအသင်းသည် ဒီဇင်ဘာလ ၁၉ ရက်က ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာရှချန်ပီယံဖြစ်သည့် အူရာဝရတ်စ်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။
အူရာဝရတ်စ်အသင်းကစားသမားက ပထမပိုင်းနာကျင်အချိန်ပိုတွင် ကိုယ့်ဂိုးကိုယ်သွင်းခဲ့ပြီး ၅၂ မိနစ်တွင် ကိုဗာချစ်နှင့် ၅၉ မိနစ်တွင် ဘာနာဒိုဆေးလ်ဗားတို့က ဂိုးများ ဆက်တိုက်သွင်းယူခဲ့သည်။ ကိုဗာချစ်အနေဖြင့် မန်စီးတီးကစားသမားဘ၀ ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲအပြီးတွင် ဂွါဒီယိုလာက ဟာလန်း၊ ဒီဘရိုင်းနားတို့၏ ဒဏ်ရာအခြေအနေများအပေါ် ရှင်းလင်းခဲ့ကြောင်း သိရသည်။ “ကယ်ဗင်(ဒီဘရိုင်းနား)ဟာ မနေ့က လေ့ကျင့်ခန်း စဆင်းခဲ့ပါတယ်။ မနက်ဖြန်မှာလည်း အသင်းနဲ့အတူ လေ့ကျင့်ပါလိမ့်မယ်။ ဒါပေမဲ့ သုံးလကြာ အနားယူခဲ့ရလို့ ဗိုလ်လုပွဲကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အခြေအနေက ပိုကောင်းလာပါတယ်။ အာလင်း (ဟာလန်း)ကလည်း လေ့ကျင့်ခန်း မဆင်းနိုင်သေးပါဘူး”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
ယင်းကစားသမားနှစ်ဦးကို ဂွါဒီယိုလာ က အသင်းလူစာရင်းနှင့်အတူ ဆော်ဒီအာရေဗျသို့ ခေါ်ဆောင်လာခဲ့ပြီး ဒီဘရိုင်းနားအနေဖြင့် အသင်းနှင့် လေ့ကျင့်ခန်းစဆင်းနေပြီဖြစ်သော်လည်း ဟာလန်းမှာမူ ဗီလာနှင့်ပွဲမှ ရရှိခဲ့သည့် ခြေဖဝါးဒဏ်ရာကြောင့် လေ့ကျင့်ခန်းပင် မဆင်းနိုင်ဖြစ်နေသည်။

ထို့ပြင် ဂွါဒီယိုလာက ဆော်ဒီ၏အပူချိန်ကြောင့် သူ့ကစားသမားများကို လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ်စေမည်မဟုတ်ဟုလည်း ဝန်ခံခဲ့သည်။ “အစီအစဉ်က အိပ်ပြီးရင်း အိပ်ဖို့ပါပဲ။ ဒါက ကျွန်တော်တို့ရဲ့အစီအစဉ်ပါ။ အခု ကျွန်တော်တို့ အနားယူရမယ်။ သူတို့ တစ်ရက်ထက် ပိုနားရနိုင်တယ်။ မနက်ဖြန်ကျရင် ကျွန်တော်တို့ ဖလူမင်နန်ဆီအသင်းကို စောင့်ကြည့်ပါမယ်” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ကလပ်ကမ္ဘာ့ဖလားတွင် ပထမဆုံးအကြိမ် ဗိုလ်စွဲလျှင် တစ်ရာသီအတွင်း ဖလားငါးလုံး ဆွတ်ခူးနိုင်သည့် ပထမဆုံးအင်္ဂလိပ်ကလပ်ဖြစ်လာမည်ဖြစ်သည်။






