မန်စီးတီးကို ကွန်မြူနတီဒိုင်းတွင် ပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရပြီးနောက် ကမ္ဘာ့အကောင်းဆုံးအသင်းကို အာဆင်နယ်က အနိုင်ကစားနိုင်သဖြင့် များစွာဝမ်မြောက်ရကြောင်း အာဆင်နယ်အသင်းမန်နေဂျာ အာတီတာက ပြောဆိုလိုက်သည်။ မန်စီးတီးသည် ပွဲချိန် ၇၇ မိနစ်တွင် ကိုးလ်ပါမား၏ အဖွင့်ဂိုးမှ တဆင့် ဦးဆောင်နေနိုင်ခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ဘယ်လ်ဂျီယမ်တိုက်စစ်ကစားသမား ထရောဆတ်က ချေပဂိုးသွင်းခဲ့ခြင်းကြောင့် ပွဲအပြီးတွင် ၁ ဂိုးစီသရေကျခဲ့ခြင်းဖြစ်သည်။ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် အာဆင်နယ်က ၄-၁ ဖြင့်အနိုင်ရရှိခဲ့သည်။ အာဆင်နယ်သည် ကွန်မြူနတီဒိုင်းကု ၁၇ ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့သည်။

ဒီဘရန်းနားနှင့် ရိုဒရီတို့သည် မန်စီးတီးအတွက် ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် လွဲချော်ခဲ့ကြသည်။ “တကယ့်ကို ကြီးကျယ်တဲ့ အခိုက်အတန့်လို့ ပြောရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းကို ဝင်ဘလေမှာ အနိုင်ယူလိုက်နိုင်တယ်ဆိုတာထက် ပိုကောင်းတဲ့ ခံစားချက်မျိုးထက်ပိုကောင်းတာတော့ မရှိနိုင်တော့ပါဘူး”ဟု အာတီတာက ပြောဆိုလိုက်သည်။
ရိုဒရီ၏ ပင်နယ်တီကို ကာကွယ်လိုက်နိုင်သော ဂိုးသမားရမ်စ်ဒေးလ်ကိုလည်း အာတီတာက ချီးမွမ်းခဲ့သည်။ ထိုပွဲတွင် ပထမပိုင်းတွင် ကွင်းလယ်ဒိုင်က အာတီတာကို အဝါကတ်ပြ သတိပေးခဲ့သည်။






