Monday, February 9, 2026
spot_img
spot_img

ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်သည့် မက်ဆီနှင့် ဘာပေတို့ကို ထိန်းထားနိုင်ရန်အတွက် အရာအားလုံးလုပ်ဆောင်သွားမည်ဟု အယ်လ်ခီလိုင်ဖီ ပြောကြား

PSG အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အယ်လ်ခီလိုင်ဖီက ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်သည့် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့် ပြင်သစ်တိုက်စစ်မှူး ဘာပေတို့ကို အသင်းတွင် ထိန်းထားနိုင်ရန်အတွက် အရာအားလုံးလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

PSG အသင်းသည် လာမည့်ဇွန်လတွင် အသက်(၃၆) နှစ်ပြည့်မည့် မက်ဆီကို ၂၀၂၁ ခုနှစ်က ခေါ်ယူခဲ့ရာတွင် (၂)နှစ်စာချုပ်သာ ချုပ်ဆိုထားသော်လည်း တစ်နှစ်သက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ပါဝင်ခဲ့သည်။

သို့သော် PSG အသင်းအနေဖြင့် ချန်ပီယံလိဂ်အောင်မြင်မှု မရယူနိုင်ခြင်းနှင့် မက်ဆီအနေဖြင့် ဘာစီလိုနာအသင်းတွင် ပြန်လည်ကစားလိုသော ဆန္ဒတို့ကြောင့် အနာဂတ်မရေမရာဖြစ်နေကြောင်း သိရသည်။

ဘာပေ(၂၄ နှစ်)မှာလည်း ၂၀၂၂ နွေရာသီကမှ PSG အသင်းနှင့် သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုထားသူဖြစ်သည်။

သို့သော် ယင်းကာလကတည်းက ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး လက်ရှိအချိန်၌လည်း ရီးယဲလ်အသင်းက ၎င်းကို ခေါ်ယူရန် ပစ်မှတ်ထားနေဆဲဖြစ်သည်။

ထို့ကြောင့် မက်ဆီနှင့် ဘာပေ နှစ်ဦးစလုံးကို အသင်းတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူကြောင်း ထင်ကြေးပေးမှုများရှိနေသည့်အတွက် အယ်လ်ခီလိုင်ဖီက တုံ့ပြန်မှုပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

”သူတို့ကို ထိန်းသိမ်းနိုင်ဖို့ လုပ်ဆောင်သွားမှာပါ။ သူတို့နဲ့အတူ ရှေ့ဆက်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို သေချာပေါက်ရှာဖွေသွားမှာပါ။ ဒါဟာ ကျွန်တော်တို့လိုချင်တဲ့အရာဖစ်ပြီး အမှားအယွင်းတွေ လုပ်ဆောင်သွားမှာမဟုတ်ပါဘူး” ဟု အယ်လ်ခီလိုင်ဖီက ဆိုခဲ့သည်။

ထို့ပြင် အယ်လ်ခီလိုင်ဖီက ကမ္ဘာ့အကောင်းဆုံးကစားသမားအချို့ကို ပိုင်ဆိုင်ခွင့်ရခြင်းမှာ မိမိတို့ကံကောင်းသောကြောင့်ဖြစ်ပြီး အဆိုပါကစားသမားအားလုံးနှင့် ရှေ့ဆက်လက်တွဲသွားလိုကြောင်းလည်း ပြောကြားခဲ့သည်။

သတင်းမီဒီယာအချို့ကမူ PSG အသင်း၏ ပိုင်ရှင်ဖြစ်သည့် ကာတာရင်းနှီးမြှုပ်နှံမှုအဖွဲ့က မက်ဆီကို မည်သည့်နည်းဖြင့်မဆို အသင်းတွင် ဆက်ထိန်းထားနိုင်ရန် လုပ်ဆောင်ရန်အတွက် အယ်လ်ခီလိုင်ဖီကို ညွှန်ကြားထားကြောင်း၊ စာချုပ်သက်တမ်းတိုးရန်အတွက် မည်မျှပင်ဖြစ်စေ အကုန်အကျခံမည်ဟု ညွှန်ကြားထားကြောင်း ဖော်ပြခဲ့သည်။

မက်ဆီကို ဆော်ဒီနိုင်ငံမှ ကလပ်အသင်းတစ်သင်းကလည်း ငြင်းပယ်ရန်ခက်သည့် လစာနှုန်းထားဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သတင်းထွက်နေသည့်အတွက် ကာတာရင်းနှီးမြှုပ်နှံမှုအဖွဲ့ က လက်လွှတ်ဆုံးရှုံးရခြင်းမရှိစေရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းသည် နာမည်ကျော်ကြယ်ပွင့်ကစားသမားများကို ဆက်ထိန်းထားနိုင်ရန် စီစဉ်နေသည့်နည်းတူ အသင်း၏ကွင်းကိုလည်း လက်ရှိထက် ပရိသတ်နှစ်ဆဝန်းကျင် ဝင်ဆံ့သည့်ကွင်းအဖြစ် တည်ဆောက်သွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

အယ်လ်ခီလိုင်ဖီက ”ကျွန်တော်တို့ လက်ရှိကွင်းကို စွန့်ခွာပြီး စတိတ်ဒီဖရန့် ဒါမှမဟုတ် တခြားကွင်းတစ်ကွင်းကို ပြောင်းမှာလားဆိုရင် ကျွန်တော်တို့ ကြီးမားတဲ့ကွင်းတစ်ကွင်း အလိုရှိနေတယ်ဆိုတာ လျှို့ဝှက်ထားရမယ့်ကိစ္စ မဟုတ်ပါဘူး။ ကလပ်အသင်းကြီးတွေဆိုတာ ပရိသတ် (၇၀၀၀၀) ဒါမှမဟုတ် (၈၀၀၀၀)ဆံ့တဲ့ ကွင်းကြီးတွေ ရှိကြပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီလိုကွင်းကို ပိုင်ဆိုင်သင့်ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments