အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီက ကမ္ဘာ့ဖလားချန်ပီယံဆုသည် ဘဝတစ်လျှောက်လုံး လိုချင်ခဲ့သည့်အရာဖြစ်သည်ဟု ၂၀၂၂ ကမ္ဘာ့ဖလား ဆုပေးပွဲအခမ်းအနားအပြီးတွင် ပြောကြားခဲ့သည်။

မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၅)ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ်အဖြစ် ယှဉ်ပြိုင်ကစားမှသာ ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဆုဖလားနှင့်အတူ အခြားသော စံချိန်မှတ်တမ်းကောင်းများစွာကိုလည်း ရယူနိုင်ခဲ့သည်။

အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲ၌ ပြင်သစ်အသင်းကို (၂-ဝ)ဂိုးဖြင့် စတင်ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲပြီးခါနီး (၁၀)မိနစ်အလို၌ ချေပဂိုးများ ပြန်ပေးခဲ့ရသည့်အတွက် အချိန်ပိုကစားခဲ့ရသည်။ အချိန်ပိုတွင် ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သော်လည်း ချေပဂိုးပြန်ပေးခဲ့ရသောကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူပြီးမှ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ယခုပြိုင်ပွဲမတိုင်မီ ကမ္ဘာ့ဖလား (၄)ကြိမ်ယှဉ်ပြိုင်ခဲ့ရာတွင် အမြင့်ဆုံးဗိုလ်လုပွဲအထိသာ ရောက်ရှိခဲ့ပြီး ချန်ပီယံဆု ရယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပထမဆုံးရရှိသည့် ကမ္ဘာ့ဖလားချန်ပီယံဆုနှင့်အတူ ပျော်ရွှင်စွာအောင်ပွဲခံခဲ့ပြီး ဆုပေးပွဲအပြီး၌ မီဒီယာများနှင့် တွေ့ဆုံရာတွင် “တကယ့်ကို မယုံနိုင်အောင်ပါပဲ။ ဘုရားသခင်က ကျွန်တော့်ကို ဆုဖလားပေးအပ်ဖို့ လာနေတာ ကျွန်တော် သိနေခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး လိုချင်ခဲ့တဲ့ဆုဖလားပါ။ ကလေးဘဝကတည်းက အိပ်မက်မက်ခဲ့ရပြီး ကစားသမားဘဝကို ကမ္ဘာ့ဖလားနဲ့ ပိတ်သိမ်းချင်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

မက်ဆီသည် ဗိုလ်လုပွဲတွင် (၂)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် စုစုပေါင်းသွင်းဂိုး (၇)ဂိုး ရရှိခဲ့သော်လည်း ပြင်သစ်တိုက်စစ်မှူး ဘာပေက (၈)ဂိုး သွင်းနိုင်သည့်အတွက် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုနှင့် လွဲချော်ခဲ့ရသည်။ သို့သော် ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆု(ရွှေဘောလုံး)ဆု ရရှိခဲ့ပြီး ယင်းဆုကို နှစ်ကြိမ်ရရှိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မက်ဆီသည် ဗိုလ်လုပွဲရောက်ခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ရွှေဘောလုံးဆု ရရှိခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် (၇)ပွဲယှဉ်ပြိုင်ကစားရာ၌ (၅)ပွဲတွင် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူလည်းဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ကြိမ်တည်းတွင် အဆင့်တိုင်း၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ မက်ဆီသည် အုပ်စုအဆင့်တွင် (၂)ဂိုး၊ ရှုံးထွက်(၁၆)သင်းအဆင့်တွင် (၁)ဂိုး၊ ကွာတားဖိုင်နယ်တွင် (၁)ဂိုး၊ ဆီမီးဖိုင်နယ်တွင် (၁)ဂိုး၊ ဗိုလ်လုပွဲတွင် (၂)ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ မက်ဆီသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပွဲအများဆုံးကစားသမားဟူသည့် စံချိန်သစ်ကိုလည်း (၂၆)ပွဲဖြင့် ပိုင်ဆိုင်ခဲ့သည်။






