Wednesday, January 14, 2026
spot_img
spot_img

ကမ္ဘာ့ဖလားလူစာရင်း ရွေးချယ်မှုအတွက် ဝေဖန်မှုများကို အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ် ကာကွယ်ခဲ့ပြီး ဟန်ချက်ညီမျှရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က ကမ္ဘာ့ဖလားပြိုင်ပွဲ လူစာရင်းရွေးချယ်မှုအတွက် ဝေဖန်မှုများကို ကာကွယ်ခဲ့ပြီး ဟန်ချက်ညီမျှရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မည့် အင်္ဂလန်အသင်း၏ အပြီးသတ်ကစားသမား ၂၆ ဦးစာရင်းကို ကြာသပတေးနေ့ ညပိုင်းက ထုတ်ပြန်ခဲ့ပြီး ဂိုးသမားနေရာအတွက် သုံးဦး၊ ခံစစ်နေရာအတွက် ကိုးဦး၊ ကွင်းလယ်နေရာအတွက် ခြောက်ဦးနှင့် တိုက်စစ်နေရာအတွက် ရှစ်ဦး ရွေးချယ်ထားသည်။

ယခုစာရင်းတွင် ကြံ့ခိုင်မှုပိုင်းပြဿနာရှိနေသည့် ဝေါ်လ်ကာ၊ ကယ်လ်ဗင်ဖီးလစ်၊ ပုံမှန်ခြေစွမ်းမရဘဲ ပွဲထွက်ခွင့်ရရန်ပင် ရုန်းကန်နေရသည့် မက်ဂွိုင်းရား၊ ဂယ်လာဂါတို့ ရွေးချယ်ခံရပြီး တိုမိုရီ၊ အီဗန်တိုနေး၊ အေဘရာဟမ်နှင့် ဘိုဝမ်တို့ ချန်လှပ်ခံရသဖြင့် ဆောက်ဂိတ်၏ရွေးချယ်မှုအပေါ် ဝေဖန်မှုများရှိနေခြင်းဖြစ်သည်။

သို့သော် ဆောက်ဂိတ်က “ကျွန်တော်တို့အနေနဲ့ လူစာရင်းကို ဟန်ချက်ညီမျှအောင်လုပ်ချင်ပါတယ်။ ဒီနေ့ခေတ်မှာ အသင်းရဲ့အသက်အရွယ်ပိုင်းက ငါးဦးလူစားလဲခွင့်ထက် ပိုပြီး အရေးကြီးပါတယ်။ ပြိုင်ပွဲရဲ့ ကွဲပြားခြားနားတဲ့ အဆင့်နဲ့ ကွဲပြားခြားနားတဲ့ ပွဲစဉ်တွေရဲ့ အခိုက်အတန့်တွေအတွက် မတူကွဲပြားတဲ့ ရွေးချယ်စရာတွေ လိုချင်ပါတယ်။ ကြံ့ခိုင်မှုအပြည့်အဝ မရှိတဲ့ ကစားသမားတွေနေရာအတွက် ကာမိစေဖို့ နှစ်ဦးစီလောက် ထားရပါတယ်။ ကစားသမား ၂၆ ဦး ရွေးချယ်ခွင့်ရတာကလည်း စွန့်စားမှုတချို့ လုပ်လို့ရစေပါတယ်။ ဒီလူစာရင်းက ဟန်ချက်ညီမျှပြီလို့ ကျွန်တော်ထင်တယ်” ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အုပ်စု (B) တွင် အီရန်၊ အမေရိကန်၊ ဝေးလ်စ်အသင်းတို့နှင့် အတူ ကျရောက်နေသည်။

■ အင်္ဂလန်အသင်း၏ အပြီးသတ်ကစားသမား ၂၆ ဦးစာရင်း

ဂိုး ■ ပစ်ဖို့ဒ် (အဲဗာတန်)၊ နစ်ပုပ် (နယူးကာဆယ်)၊ ရမ်းစ်ဒေးလ် (အာဆင်နယ်)

နောက်တန်း ■ မက်ဂွိုင်းရား၊ လုခ်ရှော (မန်ယူ)၊ ဒိုင်ယာ (စပါး)၊ ဂျွန်စတုန်းစ်၊ ဝေါ်လ်ကာ (မန်စီးတီး)၊ ထရစ်ပီယာ (နယူးကာဆယ်)၊ ကိုအာဒီ (အဲဗာတန်)၊ ဘင်ဝှိုက် (အာဆင်နယ်)၊ အာနိုးလ် (လီဗာပူးလ်)

အလယ်တန်း ■ ဘယ်လင်ဟမ် (ဒေါ့မွန်)၊ မေဆန်မောင့်၊ ဂယ်လာဂါ (ချယ်လ်ဆီး)၊ ဒက်ကလန်ရိုက်စ် (ဝက်စ်ဟမ်း)၊ ဟန်ဒါဆန် (လီဗာပူးလ်)၊ ကယ်လ်ဗင်ဖီးလစ် (မန်စီးတီး)

ရှေ့တန်း ■ မတ်ဒီဆန် (လက်စတာ)၊ ဂရီးလစ်ရှ်၊ ဖိုဒန် (မန်စီးတီး)၊ ဟာရီကိန်း (စပါး)၊ ဆာကာ (အာဆင်နယ်)၊ စတာလင် (ချယ်လ်ဆီး)၊ ဝီလ်ဆင် (နယူးကာဆယ်)၊ ရပ်ရှ်ဖို့ဒ် (မန်ယူ)

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments