အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်း အဲရစ်ဆင်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း အောင်မြင်မှုရရေးမှာ အသင်းခေါင်းဆောင် ဟာရီကိန်း အပေါ်တွင် မူတည်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန် အသင်းတွင် ဖိုဒန်၊ ဆာကာ၊ ဘယ်လင်ဟမ်၊ အာနိုးလ်တို့ကဲ့သို့ လူငယ်ကစားသမားများ ပါဝင်နေပြီး ၎င်းတို့အစုအဖွဲ့အပေါ် ပရိသတ်များ၏မျှော်လင့်ချက်မှာ မြင့်မားလျက်ရှိသည်။ သို့သော် အဲရစ်ဆင်ကမူ လက်ရှိ အင်္ဂလန်အသင်းတွင် အသင်းခေါင်းဆောင် ဟာရီကိန်းမှာ အဓိကဖြစ်ပြီး ၎င်းကြံ့ခိုင်မှုအပြည့်ဖြင့် ခြေစွမ်းပြနိုင်မည်ဆိုပါက အင်္ဂလန်အသင်းအနေဖြင့် အောင်မြင်မှုရနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဲရစ်ဆင်က “ဟာရီကိန်းက အင်္ဂလန်အသင်းရဲ့ အောင်မြင်မှုသော့ချက်ဆိုတာ သေချာပါတယ်။ ဟာရီကိန်းက ဂိုးတွေ သွင်းပေးမယ့်သူဖြစ်ပြီး သူ ကြံ့ခိုင်မှုပြည့်ဝနေမယ်ဆိုရင် အင်္ဂလန်အနေနဲ့ ချန်ပီယံဆုကို မှန်းနိုင်ပါတယ်။ အင်္ဂလန်အသင်းမှာ အရေးကြီးတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမဲ့ အားလုံးထဲမှာ ဟာရီကိန်းက အရေးအကြီးဆုံးပါပဲ။ သူသာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်ဆိုရင် အင်္ဂလန်အသင်း အောင်မြင်နိုင်ပြီး ပြဿနာကတော့ ဆောက်ဂိတ် ဘယ်လိုပွဲထုတ်မယ်ဆိုတာပါပဲ”ဟု ပြောကြားခဲ့သည်။

အသက် ၇၄ နှစ်အရွယ်ရှိ ဆွီဒင်လူမျိုးနည်းပြ အဲရစ်ဆင်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၀၁ ခုနှစ် ၂၀၀၆ ခုနှစ်အထိ ကိုင်တွယ်ခဲ့သူဖြစ်သည်။ ၎င်းသည် အင်္ဂလန်အသင်းကို ၂၀၀၂ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားတို့တွင် ကွာတားဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့သလို ယူရို-၂၀၀၄ ပြိုင်ပွဲတွင်လည်း ကွာတားဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးခဲ့သည်။ အဲရစ်ဆင်က လက်ရှိ အင်္ဂလန်အသင်းမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပြင်သစ်၊ ဂျာမနီတို့နှင့်အတူ ဗိုလ်စွဲရန် ရေပန်းအစားဆုံးစာရင်းတွင် ပါဝင်နေကြောင်းလည်း ပြောကြားခဲ့သည်။

“ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အသင်း ဗိုလ်စွဲမယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ပါဘူး။ တကယ်လို့ ခင်ဗျားအနေနဲ့ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်စွဲမလဲလို့ ဘောလုံးဝေဖန်သုံးသပ်သူ အယောက် ၁၀၀ ကို မေးခဲ့မယ်ဆိုရင် ကွဲပြားခြားနားတဲ့ အဖြေတွေကိုပဲ ခင်ဗျားရမှာပါ။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်း ငါးသင်းရှိပြီး အဲဒီထဲမှာ အင်္ဂလန်အသင်း ပါဝင်ပါတယ်။ တကယ်လို့ သူတို့သာ ကံကောင်းခဲ့မယ်၊ အရေးကြီးတဲ့ ကစားသမားတွေ ဒဏ်ရာပြဿနာကင်းစင်ခဲ့မယ်ဆိုရင် ဘာမဆိုဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အဲရစ်ဆင်က ကမ္ဘာ့ဖလားပြိုင်ပွဲအား နွေရာသီအစား ဆောင်းရာသီ၌ ပြုလုပ်ခြင်းကို မိမိအနေဖြင့် မနှစ်သက်သော်လည်း ယင်းမှာ အင်္ဂလန်အသင်းအတွက် အားသာချက်ဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။






