ဘာစီလိုနာတိုက်စစ်ကစားသမား ဒီပိုင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ကစားလိုသဖြင့် တံကောက်ကြောဒဏ်ရာမှသက်သာရန် တမင်တကာ အချိန်ဆွဲနေသည်ဟု စပိန်မီဒီယာများ၏ စွပ်စွဲဖော်ပြမှုများကို လူမှုကွန်ရက်တွင် ဒေါသတကြီးတုံ့ ပြန်ခဲ့ကြောင်းသိရသည်။

စပိန်မီဒီယာများက တံကောက်ကြော ဒဏ်ရာကြောင့် စက်တင်ဘာလကုန်ပိုင်း ကတည်းက အနားယူနေရသည့် ဒီပိုင်းသည် ဒဏ်ရာမှ ပြန်လည်သက်သာရန် အချိန်ဆွဲနေပြီး ဘာစီလိုနာအသင်းအတွက် ပေးဆပ်လိုခြင်းမရှိကြောင်း ဖော်ပြခဲ့ကြသည်။ ယင်း စွပ်စွဲမှုများကို ဒီပိုင်းက Follower ၂ ဒသမ ၅ သန်းကျော်ရှိသည့် သူ၏ Twitter အကောင့် မှတစ်ဆင့် ဒေါသတကြီးတုံ့ပြန်ခဲ့ကာ သူ၏ ပရော်ဖက်ရှင်နယ်ပီသမှုနှင့်ပတ်သက်ပြီး မလေးမစားမလုပ်သင့်ကြောင်း ရေးသားခဲ့သည်။

စပိန်မီဒီယာများ၏ စွပ်စွဲဖော်ပြမှုနှင့် ပတ်သက်ပြီး ဒီပိုင်းက “ကျွန်တော့်အနေနဲ့ ဒဏ်ရာပြန်လည်သက်သာဖို့ အချိန်ဆွဲနေတယ်ဆိုတဲ့ လေးစားမှုကင်းမဲ့တဲ့ ကောလာဟလတွေကို ကြားနေရပါတယ်။ မီဒီယာတွေက အချက်အလက်ကို တကယ်မသိဘဲ သတင်းတွေကို ဖြစ်သလိုရေးနေကြပါတယ်။ ဒီသတင်းတွေက ကျွန်တော့်ကို နာမည်ပျက်စေပါတယ်။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုကို ဘယ်တော့မှ မလေးမစားမလုပ်ပါနဲ့” ဟု သူ၏ Twitter တွင် ရေးသားခဲ့သည်။

ဒီပိုင်းသည် စက်တင်ဘာ ၂၂ ရက်က ကစားခဲ့သည့် UEFA Nations League ပွဲစဉ် ပိုလန် (၀-၂) နယ်သာလန်ပွဲတွင် နယ်သာလန်အသင်းအတွက် ပါဝင်ကစားရင်း တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကတည်းက အနားယူနေခဲ့ရသည်။ ကနဦးတွင် ဒီပိုင်း၏ ဒဏ်ရာအခြေအနေမှာ လေးပတ်မှ ငါးပတ်အတွင်း အနားယူရမည်ဟု ဆရာဝန်များက ဆိုခဲ့ကြသော်လည်း ၎င်းအနေဖြင့် ယခုအချိန်ထိ ပြန်ကစားနိုင်ခြင်းမရှိသေးပေ။
ထို့ကြောင့် နာမည်ကျော် စပိန်အားကစားသတင်းစာ AS က ဒီပိုင်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားလိုသဖြင့် ဒဏ်ရာမှ ပြန်လည်သက်သာရန် အချိန်ဆွဲနေသည်ဟု ဘာစီလိုနာအသင်းတွင် ယုံကြည်နေသူများရှိကြောင်း ဖော်ပြခဲ့သည်။ AS က ဒီပိုင်းအနေဖြင့် အများဆုံး ငါးပတ်သာနားရမည်ဖြစ်သော်လည်း ခြောက်ပတ်ကျော်လာသည်အထိ မကစားနိုင်သေးသည့်အပြင် ယင်းအတွက် ဖြေရှင်းချက်လည်းမပေးကြောင်း ရေးသားခဲ့သည်။






