ဂန်းနား ဂန္တဝင် တိုက်စစ်မှူးကြီး အီယန်ရိုက် က ရာသီကုန်ဖို့ ၁၀ ပွဲ သာ လိုတော့ ချိန်တွင် အာဆင်နယ် အသင်း ကစားသမား ၇ ဦး ရဲ့ ချန်ပီယံ အတွေ့အကြုံ ရှိမှု က ချန်ပီယံဆုအတွက် တိုက်ပွဲ ဝင်ရာမှာ အခရာကျလိမ့်မယ်လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ် မှာ ခရစ္စတယ်ပဲလေစ့် အသင်းကို အနိုင်ရခဲ့ပြီးနောက် ဒုတိယနေရာ က မန်စီးတီး ထက် တစ်ပွဲပိုကစားပြီး ၈ မှတ် ဖြတ်ထား လိုက်နိုင်ပါတယ် ။ ရာသီကုန်ဖို့ကလည်း ၁၀ ပွဲသာ လိုတော့တာကြောင့် ဂန်းနားတို့ အနေနဲ့ ပွဲတိုင်းကို ဖိုင်နယ် ပွဲတစ်ပွဲလို ကစားဖို့ လိုအပ် နေပြီ ဖြစ်ပါတယ် ။

အီယန်ရိုက် က The Kelly and Wrighty Show မှာ ဂန်းနားတို့ရဲ့ ချန်ပီယံ အခွင့်အရေး နဲ့ ပတ်သက်ပြီး ” ဂါဘရီရယ် ဂျေးဇု ၊ ဂျော်ဂျင်ဟို ၊ ဇင်ချန်ကို တို့က ချန်ပီယံ ဖြစ်ဖူးကြသူတွေပါ ။ ဂရန်းနစ် ရှာကာကလည်း ချန်ပီယံ ဖြစ်ဖူးပါတယ် ၊ အယ်နယ်နီ ကလည်း ချန်ပီယံ ဖြစ်ခဲ့ဖူးသူပါ ၊ လီအန်ဒရို ထရောဆက်ဒ် လည်း ချန်ပီယံ ဖြစ်ဖူးတာပါပဲ ၊ ဂါဘရီရယ် လည်း ချန်ပီယံ ဖြစ်ခဲ့ဖူးပါတယ် ။ ”
” သူတို့ က ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ချိန် နောက်ဆုံး အဆင့်ရောက်တဲ့ အခါမှာ ဘာတွေ ဖြစ်ပျက်တတ်သလဲ ၊ ဘယ်အရာတွေကို လုပ်ဆောင်ဖို့ လိုအပ်သလဲ ဆိုတာ ကောင်းကောင်း သိကြသူတွေပါ ။ ဒါကြောင့် ဘာတွေပဲ ဖြစ်လာ ဖြစ်လာ အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်ကို ဖြစ်မယ်လို့ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ် ။ ”

” ဒီနှစ် အာဆင်နယ် အသင်းကို ကျော်ဖြတ်ပြီး ဗိုလ်စွဲဖို့ ဆိုရင် မန်စီးတီး အသင်း အနေနဲ့ အသင်းတိုင်း ပွဲတိုင်းကို ဆက်တိုက် အနိုင်ယူ နိုင်မှပဲ ဖြစ်မှာပါ ။ အာဆင်နယ် အသင်းကလည်း သူတို့ လုပ်နိုင်မယ် ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်မှု ရှိနေကြပါတယ် ။ ”
” အာဆင်နယ် အသင်း အခုလို အနေအထားမျိုးရောက်လာမယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပါဘူး ။ သူတို့ ချန်ပီယံဆု အတွက် ဆက်လက် တိုက်ပွဲဝင်နိုင်တဲ့ ပုံလည်းပေါက်ပါတယ် ၊ အာဆင်နယ် က အိမ်ကွင်းမှာ အသင်းတွေကို သက်သောင့် သက်သာ အနိုင်ယူ ကစားပြ နေတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






